ကျွန်ုပ်တို့၏တိုင်းပြည်အတွက်၊ ကျွန်ုပ်တို့၏ အိမ်ထောင် မိသားစုတို့အတွက်၊ အထူးသဖြင်.ကျွန်ုပ်တို့၏ စိတ်နှလုံးအတွက် ငြိမ်သက်ခြင်း အသက်တာသည် အဘယ်မှာနည်း၊ ပြင်းထန်သော ဤငိုကြွေးသံသည် ခေတ်အဆက်ဆက်၌ပဲ့တင်ရိုက်ခတ်ခဲ့လေပြီ၊ ဤကမ္ဘာပေါ်တွင်လေပြင်းမုန်တိုင်းနှင့် ထိတ်လန့်ဖွယ်ရာများ ပို၍ဖြစ်ပေါ် လာသည်နှင့်အမျှ ယင်းငိုကြွေးသံသည်လည်း ပို၍ပြင်းထန်လာပါသည်၊ ထိုအရာသည် သင့်နှလုံးသား၏ငိုကြွေးသံများ ဖြစ်နေပါသလား၊ မကျေနပ်စရာအကြောင်းများ အနှောက်အယှက်နှင့် ဆူပူလှုပ်ရှားမှုများဖြင့်လွမ်းမိုးနေသည့် အလယ်၌သင်သည် အရာအားလုံးကို ကျော်လွားနိုင်သော စိတ်နှလုံးငြိမ်သက်ခြင်းကို လိုလားတောင့်တပါသလား အဆုံးမရှိသော အောင်မြင်ခြင်းသည် ကမ္ဘာကိုပို၍လုံခြုံစေသည်ဟု ထင်ရသော်လည်း
အမှန်တကယ်တွင် ဘဝအသက်တာကို ပို၍ရှုပ်ထွေးစေပါသည်
လူအချို့သည် သူတို့၏မိဘများ၏ ဘဝထက်သာ၍
အေးဆေးလွယ်ကူသောဘဝ၌ နေထိုင်ဖို့ရာနည်းလမ်းမျိုးစုံဖြင့်
ကြိုးစားနေကြသော်လည်း ထူးခြားမှုမရှိပဲ သာ၍ပင်
ခက်ခဲသောသူများဖြစ်ကြရသည်၊
စိတ်ပင်ပန်း၍သောကရောက်နေကြသည်၊
အထက်ပါမေးခွန်းကိုဆင်ခြင်ကြည့်သော် လူတို့အတွက် လမ်းညွှန်ခြင်း
တိုင်ပင်ခြင်း၊ လုံခြုံခြင်းနှင့် ယုံကြည်စိတ်ချခြင်းတို့ လိုအပ်နေသည်ကို
တွေ့ရပါသည်။ ကျွန်ုပ်တို့သည် စိတ်နှလုံးငြိမ်သက်ခြင်းကို
လိုအပ်နေကြသည်။ စိတ်၏ငြိမ်သက်ခြင်းကို လိုချင်နေကြသည်။
စိတ်ငြိမ်သက်ခြင်းသည် အဖိုးထိုက်တန်သော
ဘဏ္ဍာပင်မဟုတ်ပါလော။
လွန်စွာရှုပ်ထွေးလှသော ဤကမ္ဘာလောက၊
မျော်လင့်ချက်ကင်းမဲ့သော ဤကမ္ဘာလောက၊
အနှောက်အယှက်တွေပေးသော ဤကမ္ဘာလောကနှင့်
များစွာသော ဒုက္ခပြဿနာဖြင့် ပြည့်ဝနေသော
ဤကမ္ဘာလောကကြီး၌ စိတ်ငြိမ်သက်ခြင်းကို အမှန်တကယ်တွေ့ရှိ
နိုင်ပါမည်လား၊ များစွာသောသူတို့သည် ထင်ပေါ်ကျော်ကြားခြင်း
အခွင့်အလမ်းများကို၎င်း၊ ပျော်ရွင်သာယာခြင်းနှင့်
ဩဇာ အာဏာတို့ကို၎င်း ပညာရေးနှင့် ဗဟုသုတတို့ကို၎င်း၊
ပေါင်းသင်းဆက်ဆံခြင်းနှင့် ထိမ်းမြှားခြင်းတို့ကို၎င်း၊
ကျယ်ကျယ်ပြန့်ပြန့် အသဲအသန်ရှာဖွေနေကြပါသည်။
အသိပညာဗဟုသုတများဖြင့် ပြည့်ဝချင်နေကြသည်။
သို့သော်သူတို့၏ ဝိညာဉ်ရေးရာတွင် ဗလာအဖြစ်ကျန်ရစ်စေကြသည်။
အချို့သောသူတို့သည် သေရည် သေရက်သောက်စားခြင်းအားဖြင့်
စစ်မှန်သော ဘဝအသက်တာကို တိမ်းရှောင်နေကြ၏။
သို့သော် သူတို့ရှာဖွေသော ငြိမ်သက်ခြင်းသည်
လိုက်လေဝေးလေဖြစ်သည်၊ သူတို့ရှာဖွေသော အရာအားလုံးသည်
သူတို့ကို အကျိုးမဖြစ်ထွန်းစေပဲ အချည်းနှီးသက်သက်သာ ဖြစ်သော
အကျင့်အားဖြင့် ဆိုးညစ်သည့် ဘဝဇာတ်ခုံသို့သာ ပို့ဆောင်ပေးနေပါသည်။
သူတို့သည် ဒုက္ခနှင့်ပြည့်နက်နေသော ကမ္ဘာလောကထဲတွင်
သောကစိတ်တွေနှင့်တကွ အကျိုးမရှိပဲ အထီးကျန်နေကြသေး၏။
များစွာသောလူတို့သည်လက်ဆုပ်လက်ကိုင်မပြနိုင်သော
အပြင်သဏ္ဍာန်အရာများကိုရှာဖွေနေကြ၍ အတွင်း သဏ္ဍာန်ကိုမူ
အလေးမထား လျစ်လျူရှုကြ၏။ သူတို့ရှာဖွေသင့်သော
အရာကိုရှာဖွေရန် ကြောက်ရွံ့နေကြ၏။
မိမိတို့၏ပူပန်သောစိတ်ကြောင့် ဒုက္ခဆူးများနှင့်ပြည့်နက်နေသော
ကမ္ဘာလောကကို အပြစ်တင်ချင်နေကြ၏၊
သို့သော်ကုသခြင်းသည် မိမိတို့၏ စိတ်နှလုံးထဲ၌အစပြုရမည်ဖြစ်သည်။
အနှောက်အယှက်ကြားကလူသား
ထာဝရဘုရားသခင်သည် လူသားကို ဖန်ဆင်းပြီး
ပြည့်ဝစုံလင်သော ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့်
ပျော်ရွင်ခြင်းတို့ကို ခံစားစေဖို့ရန် အလွန်လှပသော ဥယျာဥ်ထဲတွင်
ထားတော်မူခဲ့သည်။ သို့သော်ထို လူသား အာဒံနှင့်ဧဝတို့သည်
ဘုရားသခင်၏ စကားတော်ကို နားမထောင်၊ မနာခံသည့်
တဒင်္ဂအတွင်း၌ သူတို့သည် ဒုစရိုက်အပြစ်တည်းဟူသော
ရောဂါဝေဒနာ သို့မဟုတ် အနာစွဲကပ်ခြင်းကို ခံခဲ့ကြရသည်။
ယခင်ကဘုရားသခင်၏မျက်မှောက်တော်ကို
သူတို့တောင့်တခဲ့ကြသော်လည်း ဘခုတွင်သူတို့သည်အရှက်တရားနှင့်
တကွ မိမိကိုယ်ကိုဖုံးကွယ်နေကြရသည်။
သူတို့ခံစားသိရှိခဲ့ရသော ငြိမ်သက်ခြင်းနှင့် ပျော်ရွင်
ဝမ်းမြောက်ခြင်းနေရာ၌ အပြစ်တရားနှင့်
ကြောက်ရွံ့ခြင်းတရားများတို့သည် အစားထိုး
ဝင်ရောက်လာခဲ့ပါသည်။
ယင်း ဒုက္ခဆူးများဖြင့်ပြည့်နက်နေသော
ကမ္ဘာလောကနှင့် သောကရောက်နေသော စိတ်နှလုံး၏
အစပြုခြင်းပင်ဖြစ်ခဲ့ပါသည်။
အာဒံနှင့်ဧဝကဲ့သို့ပင် သင်သည် ဘုရားသခင်
အထံတော်သို့ ပြန်လာခြင်းမပြုပဲ
ထွက်ပြေးသောသူဖြစ်ခြင်းကြောင့် ကြောက်ရွံ့ခြင်းနှင့်
သောက ဗျာပါရတရားသည် သင့်ဘဝအသက်တာ၌
ဖိစီးလာပါသည်၊ ဤသို့ဖြင့်သင်သည် ယိုယွင်းပျက်စီးနေသော
ဤကမ္ဘာလောကအပေါ်၌ မသေချာမရေရာသော
သင့်ဘဝအသက်တာကို အာရုံစိုက်ကြည့်သောအခါ
သင်၏လုံခြုံမှုနှင့် ယုံကြည်စိတ်ချမှုတို့သည် မတည်မငြိမ်ဖြစ်ကာ
လှုပ်ရှားလျှက်နေသည်ကိုတွေ့ရပေမည်။
သင်၏ငြိမ်သက်ခြင်းသည် အနှောက်အယှက်များဖြင့် နစ်မွန်းခြင်း
ခံနေရပါသည်။ အပြစ်သည်လူသားကို ဘုရားသခင်နှင့်
ကင်းဝေးစေခဲ့ပါသည်၊ “ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊
ကိုယ်လမ်းသို့ အသီးသီး လိုက်သွားကြ၏(ဟေရှာ ၅၃း၆)
လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍
ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” (ရောမ - ၃း၂၃)။
ဒုစရိုက်နှင့် ကြောက်ရွံ့ခြင်း၊ ဒေါသနှင့် မကျေမနပ်ဖြစ်ခြင်း
တကိုယ်ကောင်းဆန်ခြင်းနှင့် ရန်လိုဆန့်ကျင်ခြင်း
စသည်တို့သည် လူသားတို့သွားလာသည့် နေရာတိုင်းတွင်
ကပ်ဆိုးကဲ့သို့ကျရောက်နေပါသည် (သို့)
ဒုက္ခပေးနေပါသည်။
၎င်းတို့သည် စိတ်ပင်ပန်းစရာများနှင့်
စိတ်ပိုင်းဆိုင်ရာခြေကုန်လက်ပန်းကျခြင်း (သို့)
အားအင်ကုန်ခန်းခြင်းတို့ကိုဖြစ်ပေါ်စေပါသည်။
မိမိကိုယ်သာ ချစ်ခြင်းသည် လူသား၏
ပထမဆုံးသော မနာခံခြင်း၏ မူလပင်ဖြစ်ပါသည်။
၎င်းးသည် သင့်ကို မျှော်လင့်ချက်ကင်းမဲ့သောလမ်းနှင့်
စိတ်ဒုက္ခရောက်စေသောလမ်းသို့ တွန်းပို့
ယိမ်းယိုင်စေသည့် မကောင်းသော အစမူလများအနက်
တခုအပါအဝင်ဖြစ်သည်။ သင်သည်လိုချင်သမျှနှင့်
ကြီးပွားချင်သမျှတို့၌ အတ္တဆန်လာသောအခါ
သင်သည် စိတ်မချသောသူ(သို့)
အယုံအကြည်မရှိသောသူ နှင့် ရတက်မအေးသောသူ
ဖြစ်လာမည်။ သင်၏အတ္တဆန်သောလမ်းကို သွားလေလေ
သင့် ၌ ဒုက္ခများလေလေ ဖြစ်လာမည်။
ဘုရားသခင်ကို ဗဟိုပြု၍ အသက်ရှင်ခြင်းသည်
ငြိမ်သက်ခြင်းကိုယူဆောင်၏။
မိမိ၏ရပ်တည်မှုဘဝကိုသာ ဗဟိုပြုနေရမည့်အစား
သင်သည်ဘုရားသခင်၏ အထ့တော်သို့လာ၍
ဘုရားသခင်ကိုသာ သင့်ဘဝအသက်တာ ရည်မှန်းချက်၏ အဓိက
ဗဟိုအဖြစ်ထားရှိရန်လိုအပ်ပါသည်။
ဘုရားသခင်မပါလျှင် သင့်ဦးတည်ချက်တို့သည်
သင့်ကို ဝမ်းနဲခြင်း မိမိကိုယ်ကို ဂရုဏာသက်နေခြင်း
စိုးရိမ်ခြင်းနှင့် ပူပင်သောကတို့၏ သားကောင်အဖြစ်သို့
သင့်ကို အလွယ်တကူကျရောက်စေမည်ဖြစ်ပါသည်။
ဘုရားသခင်ကို ဗဟိုပြုခြင်းဟူမူကား
သင့်ဘဝအသက်တာသည်
အချက်အချာဗဟိုရှိရာသို့ဆိုက်ရောက်စေ၍ သင့်ဘဝ
အသက်တာကို ပြည့်စုံခြင်းနှင့်
အဖိုးထိုက်တန်သော အသက်ရှင်ခြင်းသို့
ရောက်ရှိစေတော်မူမည်ဖြစ်ပါသည်။
ဘုရားသခင်ကို ဗဟိုပြုသော စိတ်နှလုံးသည်သာ
ခိုင်မြဲတည်ကြည်ခြင်းနှင့် ငြိမ်သက်ခြင်းကို
ထိန်းသိမ်းပြုစုနိုင်မည်ဖြစ်ပါသည်။
ဆာလံဆရာက “အို ဘုရားသခင်၊ အကျွန်ုပ်
နှလုံးသည် တည်ကြည်ပါ၏
အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။သီချင်းဆိုပါမည်။
ချီးမွမ်းထောပနာပြုပါမည်”(ဆာ _ ၅၇း၇) ဟု
အတိအလင်းကြေငြာခဲ့ပါသည်။
ဘုရားသခင်၌ အစွမ်းရှိသမျှကိုးစားခြင်းသည် စိတ်နှလုံးထဲ၌
ငြိမ်သက်ဝမ်းမြောက်ခြင်းရရှိစေမည်ဖြစ်ပါသည်။