အချိန်ဆိုတဲ့​အရာ​မစတင်ခင်မှာ​ ဘုရားသခင်ဆိုတာ​ရှိတယ်။​ သူဟာ​ ဒီကမ္ဘာမြေကြီးကို​ဖန်ဆင်းပြီး​ အထဲမှာ​ရှိတဲ့​အရာအားလုံးကိုလည်း​ သူဖန်ဆင်းခဲ့တယ်။​ သူ့ရဲ့​ချစ်ခြင်းမေတ္တာအားဖြင့်​ လှပတဲ့​ဥယျာဉ်တော်ထဲမှာ ​လူကို​သူနဲ့​ပုံသဏ္ဍာန်တူ​အောင်​ ဖန်ဆင်းခဲ့တယ်။​ ဒါပေမဲ့​ လူက​ဘုရားသခင်ရဲ့​သွန်သင်မှုကို​ မနာခံခဲ့ဘူး။​ အဲဒီ​မနာခံမှုက​အပြစ်ဖြစ်စေခဲ့ပြီး ​ဘုရားသခင်နဲ့​ကင်းကွာစေခဲ့တယ်။​ ဘုရားသခင်က ​သူတို့​အပြစ်တွေအတွက်​ တိရစ္ဆာန်ငယ်ကို​ပူဇော်ရမယ်လို့​ပြောထားခဲ့တယ်။​ ဒါပေမဲ့​ ဒီတိရစ္ဆာန်ကို​ ပူဇော်ခြင်းက​ သူတို့​အပြစ်တွေကို​ လုံးလုံးလျားလျား​မပြေပျောက်စေပါဘူး။​ တစ်နေ့မှာတော့​ ဘုရားသခင်က​ သူ့သားတော်​ယေရှုကို​ လူသားအားလုံးရဲ့​အပြစ်တွေအတွက်​ယဇ်ပူဇော်ဖို့​ ဒီကမ္ဘာမြေပေါ်​ စေလွှတ်ချင်ခဲ့တယ်။ ဒီလိုနှင့်​ နှစ်ပေါင်းလေးထောင်​ကြာပြီးတဲ့နောက်မှာတော့​ နာဇရက်​မြို့ငယ်လေးမှာ​ မာရိဆိုတဲ့​ အမျိုးသမီးငယ်လေး​ရှိခဲ့တယ်။​ သူမက​ ယောသပ်ဆိုတဲ့သူနှင့်​လက်ထပ်ထိန်းမြားဖို့​စီစဉ်ခဲ့ပြီးတဲ့သူ​ဖြစ်တယ်။​ တစ်နေ့မှာတော့​ကောင်းကင်တမန်က​ မာရိဆီကို​လာပြီး​သူမဆီမှာ​ ကလေးငယ်​လွယ်ရမည်ဖြစ်ကြောင်း၊ ​ဒီကလေးငယ်ကတော့​ဒီကမ္ဘာပေါ်က ​အဖေနဲ့​ရတဲ့​ကလေးဖြစ်မည်မဟုတ်၊​ ဘုရားသခင်ရဲ့​သားတော်ဖြစ်မယ်ဆိုပြီး​ လာပြောပြခဲ့တယ်။ ထိုသို့​ကောင်းကင်တမန်​ပေါ်လာပြီးတဲ့နောက်​ ယောသပ်နဲ့​မာရိတို့က​ သူတို့အတွက်​ အခွန်ဆောင်ဖို့​ ဗက်လင်မြို့သို့​ခရီးထွက်လာခဲ့ကြတယ်။ ​ဗက်လင်မြို့ကို​ သူတို့ရောက်လာကြတော့ ​မြို့ထဲမှာ​ လူတွေနဲ့​ပြည့်လို့​နေခဲ့လေပြီ။​အိမ်ခန်းငှားစရာ​မရှိတော့တဲ့အတွက် ​နွားတင်းကုပ်ငယ်လေးထဲမှာ​ သူတို့တည်းခိုခဲ့ရတယ်။​ အဲဒီနေရာဟာ​ယေရှုခရစ်တော်​မွေးဖွားခဲ့တဲ့​နေရာပေါ့။​ နွားစားခွက်ငယ်လေးထဲမှာ​ အဝတ်လေးပတ်ပြီး​ ယေရှုခရစ်တော်​မွေးဖွားခဲ့တယ်။ အဲဒီညမှာပဲ ​မြို့ရဲ့​အပြင်ဘက်​တောင်ကုန်းတစ်နေရာမှာ​ သိုးထိန်းတို့က​ သူတို့သိုးတွေကို​ ထိန်းကျောင်းနေခဲ့ကြတယ်။​အဲဒီအချိန်မှာ​ ဘုရားသခင်ရဲ့​ဘုန်းတန်ခိုးတော်နှင့်​ လင်းလက်တဲ့​ကောင်းကင်တမန်တွေ​ပေါ်လာပြီး “မကြောက်ကြနှင့်။​လူတွေ​ဝမ်းမြောက်ဝမ်းသာ​ဖြစ်ဖို့အတွက်​ သတင်းကောင်းကို​ ငါယူဆောင်လာတယ်။​ ဒီညမှာပဲ​ ကယ်တင်ရှင်​မွေးဖွားပြီ။​သူသည်​ သခင်ယေရှုခရစ်တော်​ဖြစ်တယ်။​ သူ့ကို​ အဝတ်ပတ်ပြီး ​နွားစားခွက်ငယ်လေးထဲမှာ ​သင်တို့တွေ့ရလိမ့်မယ်” ဆိုပြီး​ လာပြောပြခဲ့တယ်။​ အဲဒီနောက်​ ကောင်းကင်တမန်များစွာ​ပေါ်လာပြီး “အမြင့်ဆုံးသောနေရာ၊​ ဤမြေကြီးပေါ်မှာ၊​လူသားအားလုံးအပေါ်မှာ​ ဘုရားဘုန်းတော်​ထင်ရှားပါစေ” ဆိုကာ​ဟစ်ကြွေးကြလေတယ်။ ​ကောင်းကင်တမန်တွေ​ပျောက်ကွယ်သွားတော့​ သိုးထိန်းတွေကလည်း ​ဗက်လင်မြို့ကို​ အလျင်အမြန်​ပြေးသွားကြတယ်။ ​ပြီးတော့​ကောင်းကင်တမန်တွေ​ပြောတဲ့အတိုင်း​ ကလေးငယ်လေးကို​ သူတို့တွေ့ခဲ့ကြတယ်။

, Color 1 minute