သမ္မာကျမ်းစာတွင် အောက်ပါအတိုင်းဖတ်ရသည်။ “သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသောစာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏” (ဗျာဒိတ်ကျမ်း ၂၀:၁၂)။ ဘုရားသခင်မှတ်တမ်းထားသည်မှာ ဤကျမ်းပိုဒ်က သက်သေဖြစ်သည်။ အမေရိကန်ပြည်ထောင်စု မာရီလန်းပြည်နယ်မှ လူငယ်တစ်ဦးဖြစ်သူ ဂျိုဆွာဟဲရစ်သည် ပွာတိုရီကိုနိုင်ငံတွင် အချိန်အတန်ကြာနေထိုင်ခဲ့သည်။ တစ်ညတွင် အိပ်မက်တစ်ခုမြင်ရာ မိမိ၏ယုံကြည်ခြင်းကင်းမဲ့မှုကို ပဲ့ပြင်သည့်အနေဖြင့် ဘုရားသခင်မှပေးမက်သည်ဟု ခံစားမိလေသည်။ သည်အိပ်မက်သည် ယေရှုခရစ်ကိုယ်တော်တိုင်နှင့် အသွေးတော်၏ အသက်တာပြောင်းလဲစေနိုင်သော တန်ခိုးစွမ်းအားကို ဂျိုဆွာဟဲရစ်အား ပြန်လည်အမှတ်ရစေခဲ့သည်။ ထိုအိပ်မက်အကြောင်းကို မိတ်ဆွေတို့အား ဝေမျှလိုပါသည်။ ကျွန်တော် နိုးတစ်ဝက်၊ အိပ်တစ်ဝက်ဖြစ်နေချိန်မှာ အခန်းလေးတစ်ခုထဲရောက်နေတာကို တွေ့လိုက်ရတယ်။ နံရံတစ်ဘက်မှာ အက္ခရာစဉ်ထားတဲ့ ဖိုင်တွဲငယ်တွေအပြည့်ရှိနေတာကလွဲလို့ အခန်းက ထူးထူးခြားခြားမရှိပါဘူး။ ဖိုင်တွဲတွေက စာကြည့်တိုက်ထဲက စာရေးဆရာအမည်၊ ဒါမှမဟုတ် ဘာသာရပ်ကိုလိုက်ပြီး ခေါင်းစဉ်တွေကို အက္ခရာစဉ်အလိုက်ပြုစုထားတဲ့ ဖိုင်တွေနဲ့ အလားတူပါတယ်။ ဒါပေမဲ့ ခေါင်းစဉ်တွေကတော့ လုံးဝကွဲပြားပါတယ်။ ဖိုင်တွေက ကြမ်းပြင်ကနေ မျက်နှာကြက်အထိ ရောက်နေပြီး မဆုံးနိုင်လောက်အောင်ပါပဲ။ ဖိုင်တွဲထားရာနံရံနားကပ်လိုက်ချိန်မှာ ကျွန်တော့်ရဲ့အာရုံကို ပထမဆုံးဖမ်းစားထားတဲ့အရာက “ကျွန်တော်ချစ်ကြိုက်ခဲ့သော မိန်းကလေးများ” ဆိုတဲ့ဖိုင်တွဲပါ။ ဒါကိုဖွင့်ပြီး ကတ်ပြားတွေကို အပြေးအလွှားလှန်လှောဖတ်လိုက်တယ်။ ကတ်ပေါ်ကနာမည်တွေကို ရင်းနှီးနေတာကြောင့် အလန့်တကြား အမြန်ပြန်ပိတ်လိုက်ရတယ်။ အဲဒီအချိန်မှာ ကိုယ်ရောက်နေတဲ့နေရာကို မပြောဘဲ အလိုလိုသိလာတယ်။ ဖိုင်တွဲတွေနဲ့ အသက်မဲ့အခန်းလေးဟာ ဘဝကိုမှတ်တမ်းတင်တဲ့ ကတ်တလောက်စနစ်တစ်ခုပါလား။ ဒီနေရာမှာ မှတ်ဉာဏ်လိုက်မမီနိုင်တဲ့အထိ ကိုယ့်ရဲ့လုပ်ဆောင်မှုမှန်သမျှကို ကြီးငယ်မရွေး အသေးစိတ်မှတ်တမ်းတင်ထားတယ်။