ဝေစာများ

ကျွန်ုပ်တို့၏တိုင်းပြည်အတွက်၊ ကျွန်ုပ်တို့၏ အိမ်ထောင် မိသားစုတို့အတွက်၊ အထူးသဖြင်.ကျွန်ုပ်တို့၏ စိတ်နှလုံးအတွက် ငြိမ်သက်ခြင်း အသက်တာသည် အဘယ်မှာနည်း၊ ပြင်းထန်သော ဤငိုကြွေးသံသည် ခေတ်အဆက်ဆက်၌ပဲ့တင်ရိုက်ခတ်ခဲ့လေပြီ၊ ဤကမ္ဘာပေါ်တွင်လေပြင်းမုန်တိုင်းနှင့် ထိတ်လန့်ဖွယ်ရာများ ပို၍ဖြစ်ပေါ် လာသည်နှင့်အမျှ ယင်းငိုကြွေးသံသည်လည်း ပို၍ပြင်းထန်လာပါသည်၊ ထိုအရာသည် သင့်နှလုံးသား၏ငိုကြွေးသံများ ဖြစ်နေပါသလား၊ မကျေနပ်စရာအကြောင်းများ အနှောက်အယှက်နှင့် ဆူပူလှုပ်ရှားမှုများဖြင့်လွမ်းမိုးနေသည့် အလယ်၌သင်သည် အရာအားလုံးကို ကျော်လွားနိုင်သော စိတ်နှလုံးငြိမ်သက်ခြင်းကို လိုလားတောင့်တပါသလား အဆုံးမရှိသော အောင်မြင်ခြင်းသည် ကမ္ဘာကိုပို၍လုံခြုံစေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ဘဝအသက်တာကို ပို၍ရှုပ်ထွေးစေပါသည် လူအချို့သည် သူတို့၏မိဘများ၏ ဘဝထက်သာ၍ အေးဆေးလွယ်ကူသောဘဝ၌ နေထိုင်ဖို့ရာနည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြသော်လည်း ထူးခြားမှုမရှိပဲ သာ၍ပင် ခက်ခဲသောသူများဖြစ်ကြရသည်၊ စိတ်ပင်ပန်း၍သောကရောက်နေကြသည်၊ အထက်ပါမေးခွန်းကိုဆင်ခြင်ကြည့်သော် လူတို့အတွက် လမ်းညွှန်ခြင်း တိုင်ပင်ခြင်း၊ လုံခြုံခြင်းနှင့် ယုံကြည်စိတ်ချခြင်းတို့ လိုအပ်နေသည်ကို တွေ့ရပါသည်။ ကျွန်ုပ်တို့သည် စိတ်နှလုံးငြိမ်သက်ခြင်းကို လိုအပ်နေကြသည်။ စိတ်၏ငြိမ်သက်ခြင်းကို လိုချင်နေကြသည်။ စိတ်ငြိမ်သက်ခြင်းသည် အဖိုးထိုက်တန်သော ဘဏ္ဍာပင်မဟုတ်ပါလော။ လွန်စွာရှုပ်ထွေးလှသော ဤကမ္ဘာလောက၊ မျော်လင့်ချက်ကင်းမဲ့သော ဤကမ္ဘာလောက၊ အနှောက်အယှက်တွေပေးသော ဤကမ္ဘာလောကနှင့် များစွာသော ဒုက္ခပြဿနာဖြင့် ပြည့်ဝနေသော ဤကမ္ဘာလောကကြီး၌ စိတ်ငြိမ်သက်ခြင်းကို အမှန်တကယ်တွေ့ရှိ နိုင်ပါမည်လား၊ များစွာသောသူတို့သည် ထင်ပေါ်ကျော်ကြားခြင်း အခွင့်အလမ်းများကို၎င်း၊ ပျော်ရွင်သာယာခြင်းနှင့် ဩဇာ အာဏာတို့ကို၎င်း ပညာရေးနှင့် ဗဟုသုတတို့ကို၎င်း၊ ပေါင်းသင်းဆက်ဆံခြင်းနှင့် ထိမ်းမြှားခြင်းတို့ကို၎င်း၊ ကျယ်ကျယ်ပြန့်ပြန့် အသဲအသန်ရှာဖွေနေကြပါသည်။ အသိပညာဗဟုသုတများဖြင့် ပြည့်ဝချင်နေကြသည်။ သို့သော်သူတို့၏ ဝိညာဉ်ရေးရာတွင် ဗလာအဖြစ်ကျန်ရစ်စေကြသည်။ အချို့သောသူတို့သည် သေရည် သေရက်သောက်စားခြင်းအားဖြင့် စစ်မှန်သော ဘဝအသက်တာကို တိမ်းရှောင်နေကြ၏။

2 minutes