အချိန်ဆိုတဲ့အရာမစတင်ခင်မှာ ဘုရားသခင်ဆိုတာရှိတယ်။ သူဟာ ဒီကမ္ဘာမြေကြီးကိုဖန်ဆင်းပြီး အထဲမှာရှိတဲ့အရာအားလုံးကိုလည်း သူဖန်ဆင်းခဲ့တယ်။ သူ့ရဲ့ချစ်ခြင်းမေတ္တာအားဖြင့် လှပတဲ့ဥယျာဉ်တော်ထဲမှာ လူကိုသူနဲ့ပုံသဏ္ဍာန်တူအောင် ဖန်ဆင်းခဲ့တယ်။ ဒါပေမဲ့ လူကဘုရားသခင်ရဲ့သွန်သင်မှုကို မနာခံခဲ့ဘူး။ အဲဒီမနာခံမှုကအပြစ်ဖြစ်စေခဲ့ပြီး ဘုရားသခင်နဲ့ကင်းကွာစေခဲ့တယ်။ ဘုရားသခင်က သူတို့အပြစ်တွေအတွက် တိရစ္ဆာန်ငယ်ကိုပူဇော်ရမယ်လို့ပြောထားခဲ့တယ်။ ဒါပေမဲ့ ဒီတိရစ္ဆာန်ကို ပူဇော်ခြင်းက သူတို့အပြစ်တွေကို လုံးလုံးလျားလျားမပြေပျောက်စေပါဘူး။ တစ်နေ့မှာတော့ ဘုရားသခင်က သူ့သားတော်ယေရှုကို လူသားအားလုံးရဲ့အပြစ်တွေအတွက်ယဇ်ပူဇော်ဖို့ ဒီကမ္ဘာမြေပေါ် စေလွှတ်ချင်ခဲ့တယ်။ ဒီလိုနှင့် နှစ်ပေါင်းလေးထောင်ကြာပြီးတဲ့နောက်မှာတော့ နာဇရက်မြို့ငယ်လေးမှာ မာရိဆိုတဲ့ အမျိုးသမီးငယ်လေးရှိခဲ့တယ်။ သူမက ယောသပ်ဆိုတဲ့သူနှင့်လက်ထပ်ထိန်းမြားဖို့စီစဉ်ခဲ့ပြီးတဲ့သူဖြစ်တယ်။ တစ်နေ့မှာတော့ကောင်းကင်တမန်က မာရိဆီကိုလာပြီးသူမဆီမှာ ကလေးငယ်လွယ်ရမည်ဖြစ်ကြောင်း၊ ဒီကလေးငယ်ကတော့ဒီကမ္ဘာပေါ်က အဖေနဲ့ရတဲ့ကလေးဖြစ်မည်မဟုတ်၊ ဘုရားသခင်ရဲ့သားတော်ဖြစ်မယ်ဆိုပြီး လာပြောပြခဲ့တယ်။ ထိုသို့ကောင်းကင်တမန်ပေါ်လာပြီးတဲ့နောက် ယောသပ်နဲ့မာရိတို့က သူတို့အတွက် အခွန်ဆောင်ဖို့ ဗက်လင်မြို့သို့ခရီးထွက်လာခဲ့ကြတယ်။ ဗက်လင်မြို့ကို သူတို့ရောက်လာကြတော့ မြို့ထဲမှာ လူတွေနဲ့ပြည့်လို့နေခဲ့လေပြီ။အိမ်ခန်းငှားစရာမရှိတော့တဲ့အတွက် နွားတင်းကုပ်ငယ်လေးထဲမှာ သူတို့တည်းခိုခဲ့ရတယ်။ အဲဒီနေရာဟာယေရှုခရစ်တော်မွေးဖွားခဲ့တဲ့နေရာပေါ့။ နွားစားခွက်ငယ်လေးထဲမှာ အဝတ်လေးပတ်ပြီး ယေရှုခရစ်တော်မွေးဖွားခဲ့တယ်။ အဲဒီညမှာပဲ မြို့ရဲ့အပြင်ဘက်တောင်ကုန်းတစ်နေရာမှာ သိုးထိန်းတို့က သူတို့သိုးတွေကို ထိန်းကျောင်းနေခဲ့ကြတယ်။အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ဘုန်းတန်ခိုးတော်နှင့် လင်းလက်တဲ့ကောင်းကင်တမန်တွေပေါ်လာပြီး “မကြောက်ကြနှင့်။လူတွေဝမ်းမြောက်ဝမ်းသာဖြစ်ဖို့အတွက် သတင်းကောင်းကို ငါယူဆောင်လာတယ်။ ဒီညမှာပဲ ကယ်တင်ရှင်မွေးဖွားပြီ။သူသည် သခင်ယေရှုခရစ်တော်ဖြစ်တယ်။ သူ့ကို အဝတ်ပတ်ပြီး နွားစားခွက်ငယ်လေးထဲမှာ သင်တို့တွေ့ရလိမ့်မယ်” ဆိုပြီး လာပြောပြခဲ့တယ်။ အဲဒီနောက် ကောင်းကင်တမန်များစွာပေါ်လာပြီး “အမြင့်ဆုံးသောနေရာ၊ ဤမြေကြီးပေါ်မှာ၊လူသားအားလုံးအပေါ်မှာ ဘုရားဘုန်းတော်ထင်ရှားပါစေ” ဆိုကာဟစ်ကြွေးကြလေတယ်။ ကောင်းကင်တမန်တွေပျောက်ကွယ်သွားတော့ သိုးထိန်းတွေကလည်း ဗက်လင်မြို့ကို အလျင်အမြန်ပြေးသွားကြတယ်။ ပြီးတော့ကောင်းကင်တမန်တွေပြောတဲ့အတိုင်း ကလေးငယ်လေးကို သူတို့တွေ့ခဲ့ကြတယ်။
2026၊ 8 အောက်တိုဘာ in , Color 1 minute