အချိန်ဆိုတဲ့အရာမစတင်ခင်မှာ ဘုရားသခင်ဆိုတာရှိတယ်။ သူဟာ ဒီကမ္ဘာမြေကြီးကိုဖန်ဆင်းပြီး အထဲမှာရှိတဲ့အရာအားလုံးကိုလည်း သူဖန်ဆင်းခဲ့တယ်။ သူ့ရဲ့ချစ်ခြင်းမေတ္တာအားဖြင့် လှပတဲ့ဥယျာဉ်တော်ထဲမှာ လူကိုသူနဲ့ပုံသဏ္ဍာန်တူအောင် ဖန်ဆင်းခဲ့တယ်။ ဒါပေမဲ့ လူကဘုရားသခင်ရဲ့သွန်သင်မှုကို မနာခံခဲ့ဘူး။ အဲဒီမနာခံမှုကအပြစ်ဖြစ်စေခဲ့ပြီး ဘုရားသခင်နဲ့ကင်းကွာစေခဲ့တယ်။ ဘုရားသခင်က သူတို့အပြစ်တွေအတွက် တိရစ္ဆာန်ငယ်ကိုပူဇော်ရမယ်လို့ပြောထားခဲ့တယ်။ ဒါပေမဲ့ ဒီတိရစ္ဆာန်ကို ပူဇော်ခြင်းက သူတို့အပြစ်တွေကို လုံးလုံးလျားလျားမပြေပျောက်စေပါဘူး။ တစ်နေ့မှာတော့ ဘုရားသခင်က သူ့သားတော်ယေရှုကို လူသားအားလုံးရဲ့အပြစ်တွေအတွက်ယဇ်ပူဇော်ဖို့ ဒီကမ္ဘာမြေပေါ် စေလွှတ်ချင်ခဲ့တယ်။
မာရိနှင့်ကောင်းကင်တမန်
ဒီလိုနှင့် နှစ်ပေါင်းလေးထောင်ကြာပြီးတဲ့နောက်မှာတော့ နာဇရက်မြို့ငယ်လေးမှာ မာရိဆိုတဲ့ အမျိုးသမီးငယ်လေးရှိခဲ့တယ်။ သူမက ယောသပ်ဆိုတဲ့သူနှင့်လက်ထပ်ထိန်းမြားဖို့စီစဉ်ခဲ့ပြီးတဲ့သူဖြစ်တယ်။ တစ်နေ့မှာတော့ကောင်းကင်တမန်က မာရိဆီကိုလာပြီးသူမဆီမှာ ကလေးငယ်လွယ်ရမည်ဖြစ်ကြောင်း၊ ဒီကလေးငယ်ကတော့ဒီကမ္ဘာပေါ်က အဖေနဲ့ရတဲ့ကလေးဖြစ်မည်မဟုတ်၊ ဘုရားသခင်ရဲ့သားတော်ဖြစ်မယ်ဆိုပြီး လာပြောပြခဲ့တယ်။
ယေရှုခရစ်တော်မွေးဖွားခြင်း
ထိုသို့ကောင်းကင်တမန်ပေါ်လာပြီးတဲ့နောက် ယောသပ်နဲ့မာရိတို့က သူတို့အတွက် အခွန်ဆောင်ဖို့ ဗက်လင်မြို့သို့ခရီးထွက်လာခဲ့ကြတယ်။ ဗက်လင်မြို့ကို သူတို့ရောက်လာကြတော့ မြို့ထဲမှာ လူတွေနဲ့ပြည့်လို့နေခဲ့လေပြီ။အိမ်ခန်းငှားစရာမရှိတော့တဲ့အတွက် နွားတင်းကုပ်ငယ်လေးထဲမှာ သူတို့တည်းခိုခဲ့ရတယ်။ အဲဒီနေရာဟာယေရှုခရစ်တော်မွေးဖွားခဲ့တဲ့နေရာပေါ့။ နွားစားခွက်ငယ်လေးထဲမှာ အဝတ်လေးပတ်ပြီး ယေရှုခရစ်တော်မွေးဖွားခဲ့တယ်။
သိုးထိန်းများ
အဲဒီညမှာပဲ မြို့ရဲ့အပြင်ဘက်တောင်ကုန်းတစ်နေရာမှာ သိုးထိန်းတို့က သူတို့သိုးတွေကို ထိန်းကျောင်းနေခဲ့ကြတယ်။အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ဘုန်းတန်ခိုးတော်နှင့် လင်းလက်တဲ့ကောင်းကင်တမန်တွေပေါ်လာပြီး "မကြောက်ကြနှင့်။လူတွေဝမ်းမြောက်ဝမ်းသာဖြစ်ဖို့အတွက် သတင်းကောင်းကို ငါယူဆောင်လာတယ်။ ဒီညမှာပဲ ကယ်တင်ရှင်မွေးဖွားပြီ။သူသည် သခင်ယေရှုခရစ်တော်ဖြစ်တယ်။ သူ့ကို အဝတ်ပတ်ပြီး နွားစားခွက်ငယ်လေးထဲမှာ သင်တို့တွေ့ရလိမ့်မယ်" ဆိုပြီး လာပြောပြခဲ့တယ်။ အဲဒီနောက် ကောင်းကင်တမန်များစွာပေါ်လာပြီး "အမြင့်ဆုံးသောနေရာ၊ ဤမြေကြီးပေါ်မှာ၊လူသားအားလုံးအပေါ်မှာ ဘုရားဘုန်းတော်ထင်ရှားပါစေ" ဆိုကာဟစ်ကြွေးကြလေတယ်။ ကောင်းကင်တမန်တွေပျောက်ကွယ်သွားတော့ သိုးထိန်းတွေကလည်း ဗက်လင်မြို့ကို အလျင်အမြန်ပြေးသွားကြတယ်။ ပြီးတော့ကောင်းကင်တမန်တွေပြောတဲ့အတိုင်း ကလေးငယ်လေးကို သူတို့တွေ့ခဲ့ကြတယ်။
ပညာရှိများ
ယေရှုခရစ်တော်မွေးဖွားပြီး တခြားတိုင်းပြည်က ပညာရှိတို့ဟာ ယေရုရှလင်မြို့ကို လာရောက်ကြတယ်။ ပြီးတော့ "ယုဒရှင်ဘုရင်သူငယ်တော်က ဘယ်မှာမွေးဖွားသလဲ၊ အရှေ့အရပ်ကနေသူ့ရဲ့ကြယ်ကို ကျွန်ုပ်တို့မြင်တွေ့ပြီး သူ့ကိုကိုးကွယ်ဖို့ရောက်လာကြတာပါ" ဆိုပြီး တခြားသူတွေကို သူတို့မေးမြန်းကြတယ်။ ဒါကို ဟေရုဒ်မင်းကြီးကြားတဲ့အခါမှာ သူ့စိတ်မပျော်မရွှင်ဖြစ်ခဲ့ရတယ်။ ဖာရိရှဲတို့နှင့် ပညတ်တော်သွန်သင်တဲ့သူတွေကို သူခေါပြီးမေးမြန်းတဲ့အခါမှာ သူတို့သည်လည်း ပရောဖက်က အုပ်စိုးမည့်အရှင်ဗက်လင်မြို့မှာမွေးဖွားမယ်ဆိုပြီးဟောပြောခဲ့တယ်ဆိုကာပြန်ပြောပြကြတယ်။ ဟေရုဒ်ရှင်ဘုရင်ကြီးလည်း ပညာရှိတို့ကို ဗက်လင်မြို့ကို သွားစေပြီးအဲဒီရှင်ဘုရင်ဆိုသူကို ရှာဖွေစေခဲ့တယ်။ ယေရုရှလင်မြို့မှပညာရှိတွေထွက်တာနှင့် ကလေးငယ်ယေရှုကိုတွေ့တဲ့အထိသူတို့ကိုကြယ်ကလမ်းပြပေးခဲ့တယ်။ ကလေးငယ်ကို သူတို့တွေ့တော့ ဦးညွတ်ကိုးကွယ်ကြပြီးရွှေ၊ မုရန်နှင့် လောဗန်နံ့သာမျိုးစတာတွေကို လက်ဆောင်ပေးအပ်ခဲ့ကြလေတယ်။ ပြီးတော့ ဘုရားသခင်က သူတို့လာလမ်းအတိုင်းပြန်မသွားဖို့ သတိပေးတဲ့အတွက် တခြားလမ်းကနေ သူတို့အိမ်ကိုပြန်သွားကြလေတယ်။
ဘုရားသခင့်လက်ဆောင်အတွက်အကြောင်းတရား
ယေရှုသည် ဘုရားသခင်ရဲ့သားတော်ဖြစ်တယ်။ အပြစ်တစ်စက်မှမရှိ၊ ပြီးပြည့်စုံစွာ အသက်ရှင်သောသူဖြစ်တယ်။သူ့အသက်သုံးဆယ်ရောက်တဲ့အခါမှာတော့ လူတွေကို သူ၏ခမည်းတော်ဖြစ်တဲ့ဘုရားသခင်အကြောင်းစပြီးဟောပြောသွန်သင်ခဲ့တယ်။ မျက်မမြင်များကိုမျက်စိပြန်မြင်စေခြင်း၊ရောဂါများရှိသူများကိုကျန်းမာခြင်းပေးခြင်း၊လူသေကိုအသက်ပြန်ရှင်စေခြင်းစတဲ့အံ့ဩဖွယ်နိမိတ်လက္ခဏာများကိုသူပြသခဲ့တယ်။ အဲဒါတွေအပြင်ထာဝရအသက်လမ်းကိုလည်း သူသွန်သင်ပြသခဲ့တယ်။ ပြီးတော့ တစ်လောကလုံးရဲ့အပြစ်တရားအတွက် သူ့အသက်ကို ပူဇော်စတေးခဲ့ပါတယ်။
သမ္မာကျမ်းစာထဲမှာ (ရှင်ယောဟန် ၃:၁၆) "ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏" လို့ပြောပြထားပါတယ်။ ယေရှုခရစ်တော်ဒီလောကကိုဆင်းကြွလာရခြင်းရဲ့အကြောင်းက ကားတိုင်ပေါ်အသေခံပြီး မိမိကိုယ်ကိုပူဇော်ဖို့ဖြစ်ပါတယ်။ သူအသေခံခြင်းအားဖြင့်အပြစ်ခအားလုံးဆပ်ခဲ့ပြီးဖြစ်သည်။ အပြစ်အတွက် ပူဇော်ဖို့ ဘာမှမလိုအပ်တော့ပါဘူး။ ဒါဟာ ကယ်တင်ရှင်ကိုစေလွှတ်မည်ဆိုတဲ့ဘုရားသခင်၏ကတိတော်ပြည့်စုံခြင်းဖြစ်တယ်။.
ယေရှုခရစ်တော်ဟာ လူသားတွေရဲ့အသေသတ်ခြင်းခံခဲ့ရပေမဲ့လည်း သေခြင်းတရားက သူ့ကိုအစိုးမရနိုင်ပါဘူး။သူသေပြီးသုံးရက်ကြာပြီးတဲ့နောက်မှာ သင်္ချိုင်းကနေပြန်ပြီးသူထမြောက်လာခဲ့တယ်။သူရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း လူများစွာက သူ့ကိုမြင်တွေ့ခဲ့ကြတယ်။ ပြီးတော့ တစ်နေ့မှာတော့သူ့နောက်လိုက်တွေကို သူကောင်းချီးပေးပြီး ကောင်းကင်ဘုံကို သူပြန်သွားခဲ့လေတယ်။ ကျွန်ုပ်တို့လည်း ယေရှုကို ယုံကြည်ဖို့ရွေးချယ်ပြီး သူ့အထံတော်မှာ လက်မြှောက်အရှုံးပေးတဲ့အခါ ကျွန်ုပ်တို့ရဲ့အပြစ်အားလုံးကို သူ့အသွေးတော်ဖြင့် ဆေးကြောပေးခဲ့ပါတယ်။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ရဲ့ကယ်တင်ရှင်ဖြစ်လာတယ်။ ပြီးတော့ သူ့ရဲ့သားသမီးများအဖြစ် ပျော်ရွှင်စွာ သူ့ကောင်းချီးမင်္ဂလာခံစားကြရတယ်။တစ်နေ့နေ့မှာ ယေရှုခရစ်တော်ပြန်ကြွလာမယ်။ စစ်မှန်တဲ့ယုံကြည်သူတွေကို သူယူဆောင်လိမ့်မယ်။ ပြီးတော့ဘုရားသခင်နဲ့အတူ ထာဝရကာလ သူတို့အသက်ရှင်ကြရလိမ့်မည်။