ဖန်ဆင်းရှင် အမှန်ရှိသလော။ ဘုရားသခင်၊ သို့မဟုတ် စကြာဝဠာအုပ်စိုးရှင်သည် အမှန်ရှိ၏လော။ အမှန်ရှိကြောင်း မည်သို့ သိနိုင်မည်နည်း။ ဤမေးခွန်း၏အဖြေသည် အရေးကြီးဆုံးသော အဖြေဖြစ်သည်။ အဘယ့်ကြောင့်မူ ဖန်ဆင်းရှင် အမှန်တကယ် ရှိသည်ကို မသိကျိုးကျွန်ပြုလျှင် မည်သို့သော အကျိုးဆက်များ ခံရမည်နည်းဟူသော အချက်ကြောင့် ဖြစ်သည်။
ဤအဖြေကို စူးစမ်းရှာဖွေနေသည့် မေးခွန်းပေါင်းများစွာ ရှိသည်။ ဤလောကသို့ အဘယ့်ကြောင့် ရောက်နေရသနည်း။ မိမိသည် မည်သည့်အရပ်က လာသနည်း။ တမလွန်ဘဝတွင် မည်သို့ဖြစ်ပျက်မည်နည်း။ ဘဝရည်ရွယ်ချက်အမှန်သည် အဘယ်နည်း။ မိမိ၏ ဖြစ်တည်မှုအတွက် အကြောင်းရင်းမှန် တစ်ခုခုတော့ ရှိရမည်။
လူတို့သည် ခေတ်အဆက်ဆက်တွင် မိမိတို့ထက် သာလွန်ကြီးမားသည့် တစ်စုံတစ်ရာ၊ သို့မဟုတ် တစ်စုံတစ်ဦးကို ကိုးကွယ်ဆည်းကပ်ရမည်ဟု ယုံကြည်လက်ခံထားခဲ့ကြသည်။ ရှေးခေတ်ယဉ်ကျေးမှုတွင် နေဘုရားများ၊ လဘုရားများ၊ မိုကြိုးဘုရားများနှင့် အခြားသော ဘုရားပေါင်းများစွာ ရှိခဲ့သည်။ တချို့သော မူလအမေရိကန် တိုင်းရင်းသားတို့ကို ဥရောပတိုက်သားများက တွေ့ရှိချိန်တွင် မဟာဝိညာဉ်ဟုခေါ်သည့်အရာကို ကိုးကွယ်နေခဲ့ကြသည်ဟု ဆိုသည်။ ရှေးခေတ်ဂျူးလူမျိုးများသည် ကမ္ဘာမြေကြီးဖန်ဆင်းရှင် ယာဝေးကို ကိုးကွယ်ကြသည်။ ထို့ကြောင့် လူပုဂ္ဂိုလ်တိုင်း၏ ကိုယ်ထဲတွင် သာလွန်မြင့်မားသည့်စွမ်းအားနှင့် ဆယ်နွယ်လိုသည့် တစ်စုံတစ်ခုသောအရာ ရှိနေသည်မှာ သေချာလှပေသည်။
သို့ဆိုလျှင် သဘာဝတရား၏ သဟဇာတဖြစ်မှုနှင့် ဟန်ချက်ညီမှုတို့ကို မည်ကဲ့သို့ နားလည်နိုင်မည်နည်း။ ကုန်းနှင့်ရေမှ အဆုံးအစမရှိသည့် အစားအစာကွင်းဆက်ကို စဉ်းစားကြည့်ပါ။ တစ်ခုသော သတ္တဝါသည် အခြားသော သတ္တဝါအတွက် အစာဖြစ်ရသည်။ အပြန်အလှန်အားဖြင့် တစ်ခုက အခြားတစ်ခုကို ပြန်စားသည်။ သည်စက်ဝန်းသည် သံသရာလည်နေရာ အခြားသောသတ္တဝါအတွက် အစားအစာသည် အမြဲရှိနေရပေသည်။
တောရိုင်းငှက်တို့၏ အသိဉာဏ်တွင် ပိုမိုနွေးထွေးသော ဥတုရာသီရှိရာအရပ်သို့ ပြောင်းရွှေ့ကျက်စားချိန်တန်သည်ကို သိနိုင်မည့်အကြောင်း ရက်ချိန်းမှတ်တမ်းကို မည်သူက ထည့်ပေးခဲ့သနည်း။ မိုင်ပေါင်းထောင်ချီဝေးရာအရပ်တွင် နွေဦးတကျော့ ပြန်လည်ပြီကို ၎င်းတို့သည် မည်သို့များ သိနိုင်လေသနည်း။ ပင်ကိုယ်သိစိတ်ကြောင့်ဖြစ်သည်ဟု ဆိုကောင်းဆိုကြပေမည်။ မှန်ပါသည်။ သို့သော် ထိုပင်ကိုယ်သိစိတ်ကို မည်သူက ထည့်သွင်းပေးခဲ့သနည်း။
ပင်လယ်ငါးမျိုးစိတ်တစ်ခုကို သုံးသပ်ဆင်ခြင်ကြည့်ပါ။ ဆော်လ်မွန်ငါးတို့၏ ဦးနှောက်ထဲတွင် လက်ရှိသမုဒ္ဒရာအိမ်ကို စွန့်၍ သူတို့ ဘဝစတင်ခဲ့ရာ မြစ်ချောင်းများကို ပြန်ရှာတွေ့နိုင်စေမည့် မြေပုံကြီးကို မည်သူက ထည့်သွင်းပေးခဲ့သနည်း။ သူတို့သည် ထိုအရပ်တွင် ဥများ ဥချပြီးနောက် မကြာမမြင့်မီ သေဆုံးကြရာ ၎င်းတို့၏ ဘိုးဘေးဘီဘင်များ နမူနာအတိုင်း ကြီးထွားလာကြမည့် သားပေါက်များအတွက် ဇီဝစက်ဝန်းစတင်နိုင်ရန် နေရာပြင်ပေးထားခဲ့ကြသည်။ ဤအရာကို အကြောင်းတိုက်ဆိုင်မှုကြောင့် ဖြစ်သည်ဟု ယူဆမည်လား။
စကြာဝဠာကြီးသည် စနစ်ကျလွန်းသည်ဖြစ်ရာ အချိန်နာရီများကိုပင်လျှင် ကမ္ဘာမြေကြီးနှင့် အမျိုးစုံသော ကြယ်များ၊ ဂြိုဟ်များ၏ လည်ပတ်မှုကို ကြည့်၍ သတ်မှတ်ရပေသည်။ ဤဝတ္တုများ၏ ရွေ့လျားမှုမှာ တိကျလွန်းရကား လကြတ်ခြင်း၊ နေကြတ်ခြင်းနှင့် ကြယ်တံခွန်များ၏ လမ်းကြောင်းများကိုလည်း မလွဲတမ်း ခန့်မှန်း၍ ရပေသည်။ သို့ဆိုလျှင် ဤမျှ တိကျလှသည့် စကြာဝဠာစည်းချက်ကို မည်သူ၊ သို့မဟုတ် မည်သည့်အရာကများ အသက်သွင်းပေးခဲ့လေသနည်း။ အာကာသဝတ္တုများရှိရာ အန္တရာယ်များလှသည့် ပတ်ဝန်းကျင်တွင် ကမ္ဘာဂြိုဟ်သည် အပင်နှင့် တိရိစ္ဆာန်များအတွက် လိုအပ်သော ဒြပ်စင်များ အချိုးအစားမှန်ကန်တိကျစွာ ရောနှောပါဝင်နေသည်မှာ တိုက်ဆိုင်မှုပင်လော။ အရာခပ်သိမ်းအတွက် အကြံအစည်တစ်ခုခုတော့ ရှိရမည်။
ကောင်းကင်ဘုံရှင် ဘုရားသခင်သည် စကြာဝဠာ အပါအဝင် သဘာဝတရားကြီး၊ လူသားခန္ဓာကိုယ်နှင့် မိမိတို့၏ အဇ္ဈတ္တ ပုဂ္ဂိုလ်ရေးလိုအပ်ချက်များအတွက် အကြံအစည်ကို စနစ်တကျ ချမှတ်ပြီးဖြစ်သည်။ သေမျိုးဖြစ်သော ဘယ်လူသားမျှ ထိုကဲ့သိုသော စွမ်းအားကို အတိတ်တွင် ဖြစ်စေ၊ ပစ္စုပ္ပန်တွင်ဖြစ်စေ မရရှိနိုင်ပေ။ အကြံအစည်တော်၏ တိကျမှုနှင့် အသေးစိတ်ကျမှုတို့က ကိုယ်တော်သည် လူသားနှင့် လူသား၏ ပျော်ရွှင်မှုအတွက် အထူးအလေးပေးကြောင်း ပြသပေသည်။
ယုံကြည်ခြင်းဆိုသည်မှာ မမြင်နိုင်သည့်အရာကိုပင် ယုံကြည်လက်ခံခြင်းဖြစ်သည်။ ဘုရားသခင်ကို မမြင်နိုင်သော်လည်း သူ ရှိနေကြောင်း ညွှန်ပြနေသည့် လက္ခဏာများကိုမူ မြင်တွေ့နိုင်သည်။ ကိုယ်တော်၏ အကြံအစည်မှာ လူသားတို့သည် မမြင်နိုင်သော်လည်း သခင့်အကြောင်းကို သက်သေထူနေသည့် ထင်ရှားသော သက်သေများအားဖြင့် ဘုရားတည်ရှိမှုကို လက်ခံနိုင်မည့်အကြောင်း ဖြစ်သည်။ ဘုရား ရှိသည်ကို လက်ခံလျှင် ကိုယ်တော်သည် မိမိကိုယ်ကိုယ် ဖော်ပြလိမ့်မည်။
ဘုရားသခင် အမှန်ရှိကြောင်း သက်သေများအနက် ယုံကြည်စိတ်ချဖွယ်အကောင်းဆုံးတစ်ခုမှာ ဘုရားနှင့် ရင်းနှီးကျွမ်းဝင်လာချိန်တွင် တွေ့ကြုံရသည့် အသက်တာပြောင်းလဲမှုပင် ဖြစ်သည်။ ယခင်က ခြင်္သေ့သဘာဝ ရှိသူတို့သည် သိုးသူငယ်ကဲ့သို့ ဖြစ်လာသည်။ အမုန်းတရားနေရာတွင် ချစ်ခြင်းမေတ္တာ ဝင်လာသည်။ ခိုက်ရန်ဖြစ်ခြင်းနေရာတွင် ငြိမ်းချမ်းရေးက နေရာယူလာသည်။ ယခင် ဆင်းရဲဒုက္ခနေရာတွင် ငြိမ်သက်ခြင်းက အစားထိုး ဝင်ရောက်လာသည်။ တစ်ကိုယ်ကောင်းဆန်ရာမှ အများအကျိုးကို အလေးထားတတ်သူအဖြစ်သို့ ကူးပြောင်းသွားသည်။
ချစ်သော မိတ်ဆွေ၊ မိမိအတွင်းစိတ်ထဲတွင် လှိုင်းတံပိုးထသည့်နှယ် မငြိမ်မသက် ခံစားနေရပါသလား။ သို့တည်းမဟုတ် တစ်စုံတစ်ခုကို တမ်းတပါသော်လည်း မည်သည့်အရာမှန်း မတင်မကျ ဖြစ်နေပါသလား။ ထိုခံစားမှုကို မထိန်းချုပ်ပါနှင့်၊ သို့မဟုတ် ထိမ်ချန်ဖုံးကွယ်ဖို့ မကြိုးစားပါနှင့်။ ၎င်းသည် သင့်ဝိညာဉ်က ဘုရားသခင်နှင့် ဆက်သွယ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့် ဘုရားသည် မိတ်ဆွေ၏ ဘုရားဖြစ်နိုင်သည်။ ယုံကြည်မှုရှိလျှင်၊ ကောင်းကင်ဘုံရှင် ထာဝရဘုရားကို လက်ခံလျှင် သင်၏ဘဝလည်း ပြောင်းလဲနိုင်ပါသည်။ ဆင်းရဲဒုက္ခများကြောင့် ပူဆွေးမနေတော့ဘဲ ဘုရားသခင် မြင်သည်၊ ကြားသည်၊ စောင့်ရှောက်သည်ကို သိရှိ၍ စိတ်ငြိမ်းချမ်းလာပါလိမ့်မည်။
ဘုရားသခင်သည် သူ၏ နှုတ်ထွက်စကားဖြစ်သည့် သမ္မာကျမ်းစာမှတဆင့် မိမိကိုယ်ကိုယ် ဖော်ပြတော်မူသည်။ သမ္မာကျမ်းသည် သမိုင်းဖြစ်သည်။ ၎င်းသည် ဗျာဒိတ်တော်ဖြစ်သည်။ ဘဝလမ်းညွှန်လည်း ဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့အပေါ်ထားရှိသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလည်း ဖြစ်သည်။ မိမိတို့ ဝိညာဉ်လိုအပ်ချက်များအတွက် လမ်းညွှန်လည်း ဖြစ်သည်။ (ကမ္ဘာဦးကျမ်း၊ ၁:၁)၊ (ရှင်ယောဟန် ၁:၁-၅) တို့နှင့် အစပြုပါ။ ဆာလံ ၂၃ နှင့် ၅၁ ကို ဖတ်ပါ။ ဘုရားသခင်ထံ ဆုတောင်းပါ။ ဆုတောင်းလျှင် နားညောင်းတော်မူမည်ဟု ကိုယ်တော် ကတိပေးထားပါသည်။