သမ္မာကျမ်းစာတွင် အောက်ပါအတိုင်းဖတ်ရသည်။ “သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသောစာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏” (ဗျာဒိတ်ကျမ်း ၂၀:၁၂)။ ဘုရားသခင်မှတ်တမ်းထားသည်မှာ ဤကျမ်းပိုဒ်က သက်သေဖြစ်သည်။
အမေရိကန်ပြည်ထောင်စု မာရီလန်းပြည်နယ်မှ လူငယ်တစ်ဦးဖြစ်သူ ဂျိုဆွာဟဲရစ်သည် ပွာတိုရီကိုနိုင်ငံတွင် အချိန်အတန်ကြာနေထိုင်ခဲ့သည်။ တစ်ညတွင် အိပ်မက်တစ်ခုမြင်ရာ မိမိ၏ယုံကြည်ခြင်းကင်းမဲ့မှုကို ပဲ့ပြင်သည့်အနေဖြင့် ဘုရားသခင်မှပေးမက်သည်ဟု ခံစားမိလေသည်။ သည်အိပ်မက်သည် ယေရှုခရစ်ကိုယ်တော်တိုင်နှင့် အသွေးတော်၏ အသက်တာပြောင်းလဲစေနိုင်သော တန်ခိုးစွမ်းအားကို ဂျိုဆွာဟဲရစ်အား ပြန်လည်အမှတ်ရစေခဲ့သည်။ ထိုအိပ်မက်အကြောင်းကို မိတ်ဆွေတို့အား ဝေမျှလိုပါသည်။
(အိပ်မက်အခန်းလေး)
ကျွန်တော် နိုးတစ်ဝက်၊ အိပ်တစ်ဝက်ဖြစ်နေချိန်မှာ အခန်းလေးတစ်ခုထဲရောက်နေတာကို တွေ့လိုက်ရတယ်။ နံရံတစ်ဘက်မှာ အက္ခရာစဉ်ထားတဲ့ ဖိုင်တွဲငယ်တွေအပြည့်ရှိနေတာကလွဲလို့ အခန်းက ထူးထူးခြားခြားမရှိပါဘူး။ ဖိုင်တွဲတွေက စာကြည့်တိုက်ထဲက စာရေးဆရာအမည်၊ ဒါမှမဟုတ် ဘာသာရပ်ကိုလိုက်ပြီး ခေါင်းစဉ်တွေကို အက္ခရာစဉ်အလိုက်ပြုစုထားတဲ့ ဖိုင်တွေနဲ့ အလားတူပါတယ်။ ဒါပေမဲ့ ခေါင်းစဉ်တွေကတော့ လုံးဝကွဲပြားပါတယ်။ ဖိုင်တွေက ကြမ်းပြင်ကနေ မျက်နှာကြက်အထိ ရောက်နေပြီး မဆုံးနိုင်လောက်အောင်ပါပဲ။
ဖိုင်တွဲထားရာနံရံနားကပ်လိုက်ချိန်မှာ ကျွန်တော့်ရဲ့အာရုံကို ပထမဆုံးဖမ်းစားထားတဲ့အရာက “ကျွန်တော်ချစ်ကြိုက်ခဲ့သော မိန်းကလေးများ” ဆိုတဲ့ဖိုင်တွဲပါ။ ဒါကိုဖွင့်ပြီး ကတ်ပြားတွေကို အပြေးအလွှားလှန်လှောဖတ်လိုက်တယ်။ ကတ်ပေါ်ကနာမည်တွေကို ရင်းနှီးနေတာကြောင့် အလန့်တကြား အမြန်ပြန်ပိတ်လိုက်ရတယ်။
အဲဒီအချိန်မှာ ကိုယ်ရောက်နေတဲ့နေရာကို မပြောဘဲ အလိုလိုသိလာတယ်။ ဖိုင်တွဲတွေနဲ့ အသက်မဲ့အခန်းလေးဟာ ဘဝကိုမှတ်တမ်းတင်တဲ့ ကတ်တလောက်စနစ်တစ်ခုပါလား။ ဒီနေရာမှာ မှတ်ဉာဏ်လိုက်မမီနိုင်တဲ့အထိ ကိုယ့်ရဲ့လုပ်ဆောင်မှုမှန်သမျှကို ကြီးငယ်မရွေး အသေးစိတ်မှတ်တမ်းတင်ထားတယ်။
အံ့အားသင့်စိတ်၊ စူးစမ်းလိုစိတ်နဲ့ ထိတ်လန့်မှုတို့ပေါင်းစပ်ပြီး ဖိုင်တွေကို ကြုံရာကျပန်း ဖွင့်ဖတ်ကြည့်လိုက်တယ်။ တချို့က ဝမ်းမြောက်ခြင်းနဲ့ ချိုမြိန်တဲ့အမှတ်တရတွေကို ယူလာပေးတယ်။ တချို့ကတော့ ရှက်ကြောက်ခြင်းနဲ့ နောင်တတွေကို ခါးသီးစွာဖြစ်စေတာကြောင့် တစ်စုံတစ်ယောက်များ စောင့်ကြည့်လေမလားလို့ ပုခုံးကိုကျော်ပြီး နောက်ပြန်လှည့်ကြည့်ရတဲ့အထိပါပဲ။ “မိတ်ဆွေသူငယ်ချင်းများ” ဆိုတဲ့ဖိုင်တစ်ခုက “ကျွန်တော်သစ္စာဖောက်ခဲ့သည့် မိတ်ဆွေများ” ဖိုင်ဘေးနားမှာ ရောက်နေပါတယ်။
ခေါင်းစဉ်တွေက သာမန်ဖြစ်ရပ်တွေကအစ ထူးထူးဆန်းဆန်းအကြောင်းအရာတွေအထိ အမျိုးစုံတယ်။ ဥပမာ— ဖတ်ရှုပြီးသည့်စာအုပ်များ၊ ပြောဆိုခဲ့သည့် မုသာစကားများ၊ ကိုယ်ပေးခဲ့သည့် နှစ်သိမ့်မှုများ၊ ရယ်မောခဲ့ရသောဟာသများ ... စသည်ဖြင့်။ အချို့က တိကျလွန်းတာကြောင့် ရယ်ရမတတ်ပါပဲ။ ဥပမာ— ညီအစ်ကိုများအပေါ် အော်ဟစ်ခဲ့သည့်စကားများ။ တချို့ကိုတော့ မရယ်နိုင်ပါ။ ဥပမာ— မိဘများအပေါ် မကြားတကြားပြောခဲ့သည့်အရာများ။ အကြောင်းအရာပေါင်းစုံလှတာကြောင့် အံ့အားသင့်လို့မဆုံးပါဘူး။ ကတ်အရေအတွက်ကလည်း မှန်းထားတာထက်တောင် ပိုများပါတယ်။ တစ်ခါတစ်ခါမှာတော့ မျှော်လင့်ထားတာထက် ပိုနည်းနေပြန်တယ်။
ကိုယ်ရှင်သန်နေထိုင်ပြီးတဲ့ ဘဝစာစောင်ရေကိုကြည့်ရတာ မိန်းမောတွေဝေစေပါတယ်။ သိန်းချီ သိန်းချီရှိနိုင်တဲ့ ကတ်ပြားတွေကို အသက်(၂၀)အတွင်းမှာရေးနိုင်ဖို့ အချိန်ရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒါပေမဲ့ ကတ်တစ်ခုချင်းစီကတော့ မှန်ကြောင်းကို အတည်ပြုနေတယ်။ အားလုံးက ကျွန်တော့်လက်ရေးနဲ့ လက်မှတ်တွေထိုးထားတယ်။
“နားဆင်ခဲ့သည့်သီချင်းများ” လို့ရေးထားတဲ့ဖိုင်တွဲကို ဆွဲထုတ်ချိန်မှာတော့ အကြောင်းအရာထပ်တိုးလာတာနဲ့အမျှ ဖိုင်အရွယ်အစားတွေပိုကြီးလာတာကို သိလာတယ်။ ကတ်ပြားတွေကို တင်းကြပ်စွာပူးတွဲစည်းထားပေမဲ့ ၂ ကိုက်၊ ၃ ကိုက်ကျော်ရှိလာတာတောင် ဖိုင်တွဲအဆုံးကို မမြင်ရသေးပါဘူး။ နောက်တော့ ရှက်စိတ်ကြောင့် ပြန်ပိတ်လိုက်တယ်။ ဂီတအရည်အသွေးကြောင့်တော့ မဟုတ်ရပါ။ ဖိုင်တွဲတွေက ကိုယ်စားပြုဖော်ပြနေတဲ့ များပြားလှတဲ့အချိန်ပမာဏကြောင့်ပါ။
“ရမ္မက်အတွေးများ” ဆိုတဲ့ဖိုင်တွဲကိုတွေ့ရချိန်မှာတော့ ခန္ဓာတစ်ခုလုံး ကြက်သီးဖျန်းခနဲထသွားတယ်။ ဖိုင်အရွယ်အစားကို မသိလိုတာကြောင့် တစ်လက်မမျှလောက်ဆွဲယူပြီး ကတ်ပြားတစ်ခုကို ဆွဲထုတ်လိုက်တယ်။ အသေးစိတ်လွန်းလို့ အသားတဆတ်ဆတ်တုန်တဲ့အထိ ခြောက်ချားမိတယ်။ ဒီလိုအခိုက်အတန့်တွေ မှတ်တမ်းထဲမှာပါနေတာ စိတ်မချမ်းသာစရာပါ။
ရုတ်တရက် အရိုင်းစိတ်ဝင်လာပါတယ်။ အတွေးတစ်ခုက ကျွန်တော့်စိတ်ကိုစိုးမိုးနေပြီး ဒီကတ်ပြားတွေကို ဘယ်သူမှမမြင်စေရဘူး။ ဖျက်ဆီးပစ်ရမယ်။ အဲဒီနောက်မှာ ဖိုင်တွဲကို သွေးရူးသွေးတန်းဆောင့်ဆွဲလိုက်တယ်။ အခုတော့ အရွယ်အစားကအရေးမကြီး။ ဖိုင်တွေကိုဖျောက်ပစ်ပြီး ကတ်ပြားတွေကိုမီးရှို့ရမယ်။ ဒါပေမဲ့ ဖိုင်အစွန်းတစ်ဘက်ကိုဆွဲယူပြီး ကြမ်းပြင်ပေါ်ထုထောင်းရိုက်တာတောင် ကတ်ပြားတစ်ခုတစ်လေမှ မကျွတ်ကျပါဘူး။ စိတ်ပျက်လက်ပျက်ဖြစ်လို့ ကတ်တစ်ခုကိုဆွဲထုတ်၊ ဖြဲကြည့်ဖို့ကြိုးစားပေမဲ့ သံမဏိတမျှ ခိုင်ခန့်တာကိုတွေ့ရတယ်။
လက်လျော့ပြီး ကြံရာမရတဲ့အဆုံး ဖိုင်ကိုမူလအကန့်ထဲ ပြန်ထည့်လိုက်တယ်။ နံရံပေါ်ခေါင်းကိုမှီရင်း ကိုယ့်ကိုယ်ကိုယ်သနားတဲ့ သက်ပြင်းရှည်ကြီးချလိုက်တယ်။ အဲဒီအချိန်မှာ ဖိုင်တစ်ခုကိုတွေ့လိုက်တယ်။ ခေါင်းစဉ်က “ဧဝံဂေလိဝေမျှခဲ့သောလူများ” လို့ရေးထားတယ်။ သူ၏လက်ကိုင်က အခြားလက်ကိုင်တွေထက် ပိုမိုတောက်ပ သစ်လွင်တယ်။ အသစ်ကျပ်ခွတ်နီးပါးပဲ။ လက်ကိုင်ကိုဆွဲလိုက်တော့ အလျား (၃) လက်မထက်မပိုတဲ့ သေတ္တာငယ်လေးတစ်ခု ကျွန်တော့်လက်ပေါ်ကျလာတယ်။ ကတ်ပြားအရေအတွက်ကတော့ လက်တစ်ဘက်တောင် မပြည့်ချင်ဘူး။
အဲဒီအချိန်မှာ မျက်ရည်လည်လာပြီး စငိုပါတယ်။ ရှိုက်သံပြင်းလွန်းတာကြောင့် ဝမ်းခေါင်းတွင်းကစပြီး ခန္ဓာတစ်ခုလုံး တုန်ယင်ကာ နာကျင်လှပါတယ်။ ကျွန်တော်ဒူးထောက်ပြီး ငိုလိုက်တယ်။ ရှက်ကြောက်ခြင်းများစွာနဲ့ အော်ငိုတယ်။ မျက်ရည်အပြည့်ဖြစ်နေတဲ့ မျက်လုံးထဲမှာ ဖိုင်တွဲစင်တန်းတွေက ချာလပတ်ရမ်းနေတယ်။ ဒီအခန်းကို ဘယ်သူမှမတွေ့စေရဘူး။ သော့ခတ်ပြီး သော့တံကိုဝှက်ထားမယ်။ ဒါပေမဲ့ မျက်ရည်တွေကိုသုတ်လိုက်ချိန်မှာ “သူ့” ကိုတွေ့ရပါတော့တယ်။ ဟင့်အင်း... သူ... မဖြစ်ပါစေနဲ့။ ဒီနေရာမှာ မတွေ့ပါစေနဲ့။ “သူ” ဆိုတာ အခြားသူမဟုတ်ပါဘူး။ ယေရှုခရစ်တော်ပါပဲ။
ကိုယ်တော်က ဖိုင်တွေဖွင့်ပြီး ကတ်တွေကိုစဖတ်ချိန်မှာ ကြံရာမရဘဲ စောင့်ကြည့်နေလိုက်တယ်။ ကိုယ်တော်၏တုံ့ပြန်အမှုကို ခံစားနိုင်မှာမဟုတ်ဘူး။ ကိုယ်တော်၏မျက်နှာကို မြင်လိုက်ရတဲ့အခိုက်အတန့်မှာ ကျွန်တော့်ထက်တောင် ပိုဝမ်းနည်းနေတာကို တွေ့လိုက်ရတယ်။ ကိုယ်တော်ဟာ အဆိုးဆုံးသောသေတ္တာများဆီ အလိုအလျောက်သွားနေသလိုပဲ။ ဘာကြောင့်များ အကြောင်းအရာတစ်ခုချင်းစီကို ဖတ်ရတာပါလိမ့်။
နောက်ဆုံးတော့ ကျွန်တော့်ကို အခန်းတစ်ဘက်ခြမ်းကနေ လှည့်ကြည့်ပါတယ်။ သနားကြင်နာတဲ့မျက်လုံးနဲ့ ကြည့်နေတာပါ။ ကျွန်တော့်ကို ဒေါသမဖြစ်စေတဲ့အကြည့်ပဲ။ ခေါင်းကိုချ၊ မျက်နှာကိုလက်နဲ့အုပ်ပြီး ကျွန်တော်ပြန်ငိုပါတယ်။ ကိုယ်တော်ကဘေးနားလာပြီး ပွေ့ဖက်ပေးတယ်။ ပြောစရာတွေအများကြီးရှိပေမဲ့ စကားလေးတစ်ခွန်းတောင် မဆိုပါဘူး။ ကျွန်တော်နဲ့အတူ လိုက်ငိုပါတယ်။
အဲဒီနောက်မှာ ပြန်ထပြီး ဖိုင်တွဲရှိရာနံရံဘက်ခြမ်းကို ကိုယ်တော်ပြန်သွားတယ်။ နောက်တော့ အခန်းအစွန်းတစ်ဘက်ကနေပြီး ဖိုင်တွဲတွေကို တစ်ခုချင်းစီဆွဲထုတ်၊ ကျွန်တော့်နာမည်ကို သူ့နာမည်နဲ့ အစားထိုးရေးပါတော့တယ်။
“မလုပ်ပါနဲ့ ကိုယ်တော်”
ကိုယ်တော်ထံသို့ အပြေးသွားရင်း ကျွန်တော်လှမ်းအော်လိုက်တယ်။ ပြောစရာဆိုလို့ ကိုယ်တော်ထံမှကတ်ကိုဆွဲလုရင်း “ဟင့်အင်း၊ ဟင့်အင်း” တစ်ခွန်းသာတွေ့တယ်။ သခင့်၏နာမည်ဟာ ဒီကတ်တွေပေါ်မှာ ရှိမနေသင့်ပါဘူး။ ဒါပေမဲ့ အနီရင့်ရင့် အရောင်စိုစိုတွေရေးထားပြီး ကျွန်တော့်နာမည်နေရာမှာ ယေရှုနာမည်က ဖုံးအုပ်ထားပြီ။ ကိုယ်တော်အသွေးတော်နဲ့ ရေးထိုးထားပြီ။
ကိုယ်တော်က ကတ်ပြားကို ညင်ညင်သာသာပြန်ထုတ်လိုက်ပါတယ်။ ဝမ်းနည်းစွာပြုံးပြရင်း ကျန်တဲ့ကတ်တွေပေါ် ဆက်တိုက်လက်မှတ်ရေးထိုးတယ်။ ဘယ်လိုအမြန်ရေးထိုးလိုက်သလဲမသိ၊ မကြာခင်မှာ နောက်ဆုံးဖိုင်တွဲပိတ်လိုက်သံကို ကြားရပါတယ်။ နောက်တော့ ကျွန်တော့်ဘေးနားကို ပြန်လျှောက်လာတယ်။ ကျွန်တော့်ပုခုံးပေါ် လက်တစ်ဖက်တင်ပြီး ပြောလိုက်တယ်— “အမှုပြီးပြီ”။
ကျွန်တော်ထရပ်လိုက်တော့ ကိုယ်တော်က အခန်းပြင်ဘက်ကို လမ်းပြခေါ်သွားတယ်။ တံခါးမှာသော့မရှိပါဘူး။ ရေးစရာကတ်ပြားတွေကတော့ ကျန်နေသေး၏။
မိတ်ဆွေ၊ ဘုရားသခင်သည် သင့်၏အသက်တာကို မည်သို့စောင့်ရှောက်နေသည်ကို စဉ်းစားဖူးပါသလား။ ယေရှုက “ငါဆိုသည်ကား လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကိုခံရကြလတံ့” (ရှင်မဿဲ ၁၂:၃၆) ဟုမိန့်မှာထားသည်။ ကျွန်တော်တို့သည် မိမိကိုယ်ကိုယ်ရိုးသားသည်မှန်လျှင် မိမိတို့၏အတွေးများနှင့်လုပ်ဆောင်မှုများ စုံလင်ခြင်းမရှိသည်ကို ဝမ်းနည်းစိတ်ဖြင့်ဝန်ခံ၍ နောင်တရကြမည်ဖြစ်သည်။ လျှို့ဝှက်ပြီးကျူးလွန်သည့် လုပ်ရပ်များနှင့် အငြိုးသိုခြင်းများကိုလည်း ရှက်ကြလိမ့်မည်။
ရောမသြဝါဒစာ ၂:၁၆ တွင် “ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏မထင်ရှားသောအမှုအရာတို့ကို စစ်ကြောစီရင်တော်မူသောနေ့၌ ထို့သို့စီရင်တော်မူလတံ့” ဟုဆိုထားသည်။ တမန်တော်ရှင်ပေတရုကမိန့်သည်မှာ “ထို့ကြောင့် ထာဝရဘုရားထံတော်မှ ချမ်းအေးသောအချိန်ကာလသည် ရောက်လာ၍၊ သင်တို့အဘို့အလို့ငှာ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့အပြစ်များကိုပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” (တမန်တော်ဝတ္ထု ၃:၁၉) ဟူ၏။ သင်၏အပြစ်များကို ယေရှုခရစ်တော် ပယ်ဖျက်ပြီးပြီလား၊ သို့မဟုတ် သင့်ကို ယနေ့တိုင် ခြောက်လှန့်နေဆဲလား။
မိတ်ဆွေ၊ လွတ်မြောက်ခြင်းကိုရလိုပါသလား။ အတိတ်ကအတွေးများနှင့် လုပ်ရပ်များ၏ဖိစီးမှုဒဏ်ကို ခံနေရဆဲလား။ ကျွန်တော်တို့၏အပြစ်များသည် မိမိတို့၏နှလုံးသားနှင့် အသက်တာအတွက် ကြီးမားသောဝန်ထုပ်ဝန်ပိုးဖြစ်သည်။ “ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏၊ ငါတို့၌ သစ္စာတရားမရှိ” (၁ယော ၁:၈)။ “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း” (ရောမသြဝါဒစာ ၆:၂၃)။
မိတ်ဆွေ၊ ယေရှုခရစ်သည် အပြစ်ဖြေလွှတ်ခြင်းကို လက်ကမ်းပေးနေသည်။ သူသည် မြေကြီးပေါ်သို့ဆင်းကြွလာပြီး အပြစ်သားများအတွက် အသွေးတော်သွန်းခဲ့သည်။ ကယ်တင်ခြင်းအကြံအစည်တော်သည် ယခုတွင် ပြီးပြည့်စုံပြီဖြစ်သည်။ မိတ်ဆွေ၊ အသစ်ပြုပြင်ခံလိုပါသလား။ “ထို့ကြောင့် သားသည် သင်တို့ကိုလွှတ်လျှင် သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်” (ရှင်ယောဟန် ၈:၃၆)။ (ဆာလံ ၅၁) ယေရှုခရစ်ထံသို့ ယခုလာပါ။ သင်၏အပြစ်များကို နောင်တရပြီး ဝန်ချတောင်းပန်ပါ။ “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏” (၁ယော ၁:၉)။ ချစ်သောမိတ်ဆွေ၊ ခရစ်တော်သည် သာယာကြည်နူးဖွယ်ဘဝသို့ လမ်းပြခေါ်ဆောင်မည်အကြောင်းကို ယုံကြည်ပါ။ သင်၏နေ့စဉ်ဘဝအသက်တာအတွက် လမ်းညွှန်ပြပါလိမ့်မည်။