ကြောက်ရွံ့ခြင်းဆိုသည်မှာအဘယ်နည်း
ဘုရားသခင်ကိုကြောက်ရွံ့ခြင်း
အနာဂတ်ကိုကြောက်ရွံ့ခြင်း
ကျရှုံးခြင်းကိုကြောက်ခြင်း
ဒုက္ခဆင်းရဲခြင်းကိုကြောက်ရွံ့ခြင်း
သေခြင်းတရားကိုကြောက်ရွံ့ခြင်း
ကြောက်ရွံ့ခြင်းဆိုသည်မှာအဘယ်နည်း
ကြောက်ရွံ့ခြင်းသည် လျှို့ဝှက်သော ရန်သူကဲ့သို့ဖြစ်၏။ ခေတ်ကာလအဆက်ဆက်နှင့် လူမျိုး အဆက်ဆက်တိုင် ခပ်သိမ်းသောလူသားတို့ဘဝထဲသို့ဝင်ရောက်ကျူးကျော်ပြီး အနှောင့်အယှက် ပေးလျက်ရှိနေပါသည်။ ယင်းကြောက်ရွံ့ခြင်းသည် လိမ္မာပါးနပ်ပြီး လွန်စွာဖျက်ဆီးစေတတ်သည်။ လူသားတို့စဉ်းစားဉာဏ်ထဲသို့ အဆိပ်အတောက်သဖွယ်ပျံ့နှံ့လျက်နေ၏။ လူတို့၏ငြိမ်သက် ချမ်းသာခြင်းကို လုယူသိမ်းပိုက်သည့်အတွက် လူသားတို့၌ ပျော်ရွှင်သောဘဝဖြင့် အသက်ရှင်သန်ရေး အမှုများမှာ တစ်စတစ်စ ပျောက်ကွယ်သွားစေပါသည်။ ယင်းသည် ကျွန်ုပ်တို့ကို စိုးရိမ် ပူပန်သောသူများ၊ အထိတ်တလန့်ဖြစ်သောသူများ၊ စိတ်ဝေဒနာရှိသောသူများ၊ ဝမ်းနည်းသောသူများနှင့် သူရဲဘောနည်းသောသူများဖြစ်စေ၍ အဆင်မပြေမှုများနှင့် မလိုလားအပ်သောအရာများကိုသာခံစားစေပါသည်။
ကျွန်ုပ်တို့သည် ရှုပ်ထွေးသည့်အမှုကိစ္စများ၊ အပြောင်းအလဲများ၊ ကျရှုံးမှုများနှင့် စိတ်ပျက်စရာ အမှုများကို ကြောက်ရွံ့တတ်ကြပါသည်။ လူအချို့တို့သည် ဖျားနာခြင်းနှင့် ဒုက္ခဆင်းရဲခြင်းတို့ကိုကြောက်ကြ၏။ အချို့တို့မှာ သူတို့ချစ်ရသောသူတို့အပေါ်သို့ ထိခိုက်နစ်နာမှုများကျရောက်မည်ကိုကြောက်ကြသည်။ အချို့တို့မှာ တခြားသောလူများနှင့် အခြားသောခံယူချက်များကိုကြောက်ကြသည်။ အခြားသောသူတို့မှာ အမှောင် (သို့) အထီးကျန်ခြင်းကိုကြောက်ကြသည်၊ များစွာသောလူတို့သည် သေခြင်းနှင့် သေပြီးနောက် သူတို့ မသိရှိနိုင်သောအရာများနှင့် ရင်ဆိုင်တွေ့ဆုံရမည့်အဖြစ်ကိုကြောက်နေကြသည်။ မိမိ၏ကယ်တင်ခြင်းအပေါ် စိတ်ချမှုမရှိဟုကြောက်ရွံ့သောသူများ(သို့) မိမိတို့၏အပြစ်ဒုစရိုက်များကို ဘုရားသခင် ခွင့်မလွှတ်မည်ကိုကြောက်ရွံ့သောခရစ်ယာန်များစွာရှိကြပါသည်။ သူတို့သည် သေခြင်းကိုသာကြောက်ရွံ့ကြသည်မဟုတ် အသက်ရှင်ခြင်းကိုပင် ကြောက်ရွံ့သူများဖြစ်ကြသည်။
ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့စိတ်နှလုံးထဲသို့ ဖြည်းညှင်းစွာနှင့် တိတ်ဆိတ်စွာဖြင့် ဝင်ရောက်လာ၍ ကျွန်ုပ်တို့သည် ယင်း၏ ဖျက်ဆီးမှုဖြင့် လွှမ်းမိုးခြင်းခံရသောသားကောင်များဖြစ်လာကြသည်ကို သိရှိ နားလည်နိုင်ရန်ပင် မတတ်နိုင်ကြပေ။ သေးငယ်သောကြောက်ရွံ့ခြင်းဖြစ်စေကာမူ ရေထည့်ထားသော ဖန်ခွက်ထဲသို့ အရောင်ဆိုးဆေးတစ်စက်မျှ ချရုံဖြင့် ရေအားလုံးအရောင်အဆင်းပြောင်းလဲသွားဘိ သကဲ့သို့ပင်ဖြစ်ပါသည်။ ယင်းအနည်းငယ်မျှသောကြောက်ရွံ့ခြင်းသည် ရပ်တန့်မသွားဘဲ ပျော်ရွှင်စရာ ကောင်းသော ဦးတည်ချက်လမ်းကြောင်းကိုပင် ပျောက်ဆုံးစေနိုင်ပါသည်။
ကျွန်ုပ်တို့၏ ဘဝအသက်တာသည် အလွန်ရှုပ်ထွေးလှပါသည်။ ကမ္ဘာလောက၏ ဆိုးရွားမှုသည် ပြင်းထန်လှပါသည်၊ သို့သော် အပြင်သဏ္ဌာန်၏ ဒုက္ခဆင်းရဲခြင်းကြောင့် အတွင်းသဏ္ဌာန်၌ ရှိသောငြိမ်သက်ခြင်းကို မဖျက်ဆီးစေသင့်ပေ။ ယင်းသည် ကျွန်ုပ်တို့ရင်ဆိုင်ကြရမည့် အတွင်းသဏ္ဌာန်နှင့်ဆိုင်သောကြောက်ရွံ့ခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏လိုအပ်ချက်များကို မတွေ့ရှိရကြသည့်အချိန်၌ ကြောက်ရွံ့ခြင်းဝင်ရောက်လာတတ်ပါသည်။ ကျွန်ုပ်တို့ဝိညာဉ်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသည်ဖြစ်၍ ထာဝရဘုရားသခင်ကို တောင့်တနေတတ်ကြခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကင်းကွာသောအခါ ကြောက်စိတ်ဝင်ရောက်လာသဖြင့် အသက်တာရှုပ်ထွေးပြီး ကြောက်ရွံ့ခြင်းများနှင့် ပြည့်နက်လာတတ်ပါသည်။
စာတန်မာရ်နတ်သည် ကျွန်ုပ်တို့၏ ကြောက်ရွံ့ခြင်းကို အခွင့်ကောင်းယူလျက် ကျွန်ုပ်တို့၏ ဘဝအသက်တာကိုအပြည့်အဝအသုံးချပါသည်။ စာတန်သည် ခပ်သိမ်းသောအခွင့်အရေးရှိသမျှတို့၌ ယင်းတို့ကို ပြင်းထန်စေပြီး ယင်းကိုပို၍ စစ်မှန်သည့်သကဲ့သို့ ပို၍ယုတ္တိရှိသည့်သကဲ့သို့ ဖန်တီးနေပါသည်။ ကျွန်ုပ်တို့၏လမ်းသည် မှောင်သထက်မှောင်လာ၍ ကျွန်ုပ်တို့စိတ်နှလုံး၏ ဝန်ထုတ်ဝန်ပိုးတို့သည် လွတ်မြောက်ခြင်းတည်းဟူသော မျှော်လင့်ခြင်းအားလုံးကို ဆုံးရှုံးလာသည်အထိ လေးလံသထက်လေးလံစေပါသည်။
စာတန်မာရ်နတ်သည် မှောင်မိုက်ထဲတွင် အလုပ်လုပ်ပါသည်။ သူသည် အလင်း၌ အလုပ်မလုပ်ပေ။ အကြောင်းမှာ “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ (၁ယော-၁:၅)” သောကြောင့်ဖြစ်ပါသည်။ စာတန်မာရ်နတ်သည် ကျွန်ုပ်တို့အားနည်းချက်များကို သိသည်ဖြစ်၍ ယင်းနေရာများတွင် အထင်အမြင်နှင့် ကြောက်ရွံ့ခြင်းတို့ကိုသွင်းပေးနေပါသည်။ သူသည် သမ္မာတရားကို ပယ်ဖျက်ရန်နှင့် ကျွန်ုပ်တို့ဘဝအသက်တာကို ရှုပ်ထွေးစေဖို့ရန်အတွက် ရှာဖွေနေသူဖြစ်ပါသည်။ ထိုအရာများကို မှောင်မိုက်သောကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် သိမ်းဆည်းထားကြလျှင် စာတန်မာရ်နတ်သည် စိတ်ပျက်ခြင်းနှင့် ကြောက်ရွံ့ခြင်းတည်းဟူသော သူ၏ဆိုးညစ်သောအလုပ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် အလင်းနှင့်ထိတွေ့စေနိုင်လျှင်မူကား သူ့ကိုအောင်နိုင်ကြမည်ဖြစ်ပါသည်။ သူ၏တန်ခိုးကိုလည်း ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။
ဘုရားသခင်ကိုကြောက်ရွံ့ခြင်း
အပြစ်တရားက ဆိုးညစ်သောလူ့ဘဝအသက်တာသည် ဘုရားသခင်မနှစ်သက်သောအရာဖြစ်သည် ဆိုသောအသိတရားကိုရရှိစေပါသည်။ အာဒံနှင့် ဧဝတို့သည် ဥယျာဉ်အလယ်၌ရှိသောအပင်၏ အသီးကိုမစားရန် ဘုရားသခင် ပညတ်တော်မူခဲ့ပါသည်။ သို့သော် ယင်းပညတ်ချက်ကို မလိုက်နာရန် စာတန်မာရ်နတ်၏ အကြံပေးချက်ကို လက်ခံ၍ မာရ်နတ်၏ သွေးဆောင်လှည့်ဖြားခြင်းထဲသို့ လိုက်ပါသည့်အရာသည် အင်မတန်ဝမ်းနည်းစရာကောင်းသောနေ့ရက်ပင်ဖြစ်ပါသည်။ မနာခံခြင်း(သို့) ဘုရားသခင်၏ ပညတ်တော်ကို မနာခံခြင်းအားဖြင့် သူတို့သည် အပြစ်ထဲသို့ကျရောက်ပြီး ဘုရားသခင်၏ မျက်မှောက်တော်မှ လွတ်ဖို့ရန်အတွက် ဥယျာဉ်အပင်များကြားတွင် ပုန်းကွယ်ခဲ့ကြပါသည်။ ညနေ နေအေးချိန်တွင် ဘုရားသခင်က သူတို့ကို ခေါ်တော်မူသောအခါ “ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင် ကြောက်၍ ပုန်းလျက်နေပါသည် (ကမ္ဘာ-၃:၁၀)” ဟု လျှောက်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ခပ်သိမ်းသောလူသားအားလုံးတည်းဟူသော အာဒံမျိုးစဉ် မျိုးဆက်သည် ယင်းအပြစ်တရား၏အရိပ်အောက်၌ ကျရောက်လာခဲ့ပြီးဖြစ်၏။ ယင်းသည် ဘုရားသခင်၏ အပြစ်ဒဏ်စီရင်ခြင်းကို ကြောက်ရွံ့ခြင်းပင်ဖြစ်၍ လူပုဂ္ဂိုလ်တစ်ဦးသည် မိမိအပြစ်မှ နောင်တရခြင်းအားဖြင့် ကြောက်ရွံ့စိတ်ကို ပယ်ရှားမည်ဆိုပါက ထိုသူ၏ဘဝအသက်တာ အပေါင်းလက္ခဏာဆောင်သောခွန်အားများရရှိလာမည်ဖြစ်ပါသည်။ “ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏အချုပ်အခြာ (ပညာ၏ အစမူလ) (ဆာလံ-၁၁၁:၁၀)” ဖြစ်၏။ ၎င်းသည် မှန်ကန်သည့် ချစ်ကြောက်ရိုသေသောသဘောပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကြီးမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ အပြစ်ဒဏ် စီရင်ခြင်း၊ ချစ်ခြင်း၊ သနားခြင်း ကရုဏာ၊ ပညာတော်နှင့် သူ၏ထာဝရဖြစ်ခြင်းအဖြစ်တော်ဇာတိများကို တစ်စိတ်တစ်ပိုင်းမျှလောက်သာသိနိုင်ကြပါသည်။ သူသည် သဗ္ဗညုတဉာဏ်နှင့်ပြည့်စုံသောသူ၊ အနန္တတန်ခိုးနှင့်ပြည့်စုံသောသူနှင့် တစ်ကြိမ်တည်း၌ ခပ်သိမ်းသောနေရာတွင် ရှိတော်မူသောသူဖြစ်တော်မူပါသည်။ ကျွန်ုပ်တို့၏ဖြစ်တည်ခြင်း အရာအားလုံးသည် သူ၏လက်တော်၌ရှိပြီး ကျွန်ုပ်တို့အားလုံးသည် ရှေ့တော်၌ သူဖန်ဆင်းထားသော သတ္တဝါများဖြစ်ကြသည်ကို ကျွန်ုပ်တို့သဘောပေါက်နားလည်ရပါသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့မိကြမည်ကို ကျွန်ုပ်တို့ကြောက်ရွံ့ကြခြင်းဖြစ်ပါသည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် အပြစ်၌အသက်ရှင်သောသူများကို ငရဲမီးအိုင်ထဲသို့ ပစ်ချမည်ဟု ကျွန်ုပ်တို့ သိရှိရသည်မှာ "အကြောင်းမူကား သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်ရ၍ ပြစ်မှားပြန်လျှင် နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ ပြစ်ဒဏ်စီရင်ခြင်းကို ခံရမည်ဟု ကြောက်ရွံ့ဖွယ်သောမျှော်လင့်ရသောအကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဖို့ရာ အမျက်တော်မီးလောင်ခြင်းကိုခံရသောအကြောင်းရှိ၏ (ဟေဗြဲ-၁၀:၂၆-၂၇)” ဟု လာသောကြောင့် ဖြစ်ပါသည်။ ၎င်းအသိတရားသည် အပြစ်ကို ကြောက်ရွံ့စေပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျွန်ုပ်တို့ မိတ်ဆွေကဲ့သို့ သိရှိဖို့ရန်အတွက် နောင်တရခြင်း၊ ခွင့်လွှတ်ခြင်းနှင့် နာခံခြင်း ရှိလာကြသောအခါ ဘုရားသခင်၌ ကျွန်ုပ်တို့အစေခံခြင်းအမှုသည်လည်း ဘုရားသခင်ကို ချစ်ကြောက် ရိုသေခြင်းအားဖြင့်၎င်း၊ ချစ်ခြင်းမေတ္တာအားဖြင့်၎င်း ပြောမပြနိုင်သော သူ၏ကယ်တင်ခြင်းဆုကျေးဇူး အားဖြင့် ကျွန်ုပ်တို့ကို ခွန်အားရရှိစေပါသည်။ “ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ၊ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့် စုံလင်သောမေတ္တာသည် သံဝေဂကိုပယ်ရှားတတ်၏။ သံဝေဂ (ကြောက်ရွံ့ခြင်း) ရှိသောသူသည် မေတ္တာနှင့်မပြည့်စုံသေး” (၁ယော-၄:၁၈)။ ဘုရားသခင်အပေါ်၌ ကျွန်ုပ်တို့၏ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့စိတ်နှလုံးကို ခိုက်ရန်ပြုစေသော အရာမဟုတ်ပေ၊ သို့သော် ဘုရားသခင်အပေါ်၌ ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာကို ပို၍ နက်ရှိုင်းစေသောအရာဖြစ်ပါသည်။ ၎င်းကို ကျွန်ုပ်တို့၏အသက်တာ၌ အပြည့်အဝ အသုံးချလျှင် အခြားသောအရာအားလုံးကို အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ စိတ်နှလုံးကို ဒုက္ခရောက်စေ၍ မိမိ၏ဘဝအသက်တာလမ်းခရီးကို မှောင်မိုက်စေခြင်းငှာ များစွာသော ကြောက်ရွံ့ခြင်းမိုးတိမ်ကို အဘယ်ကြောင့် အဝင်ခံကြမည်နည်း။ ဘုရားသခင်၏လမ်းတော်သည် ငြိမ်သက်ခြင်းနှင့် ယုံကြည်ကိုးစားခြင်းလမ်းပင်ဖြစ်ပါသည်။
ဥပမာအားဖြင့် ညအမှောင်ထဲတွင် တစ်ယောက်တည်းလမ်းမလျှောက်ရဲသောသူငယ်တစ်ယောက်နှင့် တူပါသည်။ သူ့ဖခင်သည် သူနှင့်အတူလျှောက်လာပြီး သူ့လက်ကိုဆွဲကိုင်သောအခါ ထိုသူငယ်၏ ကြောက်ရွံ့ခြင်းအားလုံး ပျောက်ကွယ်ခဲ့ရပါသည်။ မှောင်မိုက်သည် ကြောက်ရွံ့ခြင်းကို မဖြစ်စေနိုင်တော့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူငယ်သည် သူ၏ဖခင်ကိုချစ်ပြီး ယုံကြည်စိတ်ချသောကြောင့်ဖြစ်ပါသည်။ ထို့အပြင် သူ့ဖခင်သည် သူ့ကိုဂရုစိုက်မည်ကို သူငယ် သိသောကြောင့်ဖြစ်ပါသည်။ ယင်းသည် ကျွန်ုပ်တို့အတွက် ကြောက်ရွံ့ခြင်းမှလွတ်မြောက်ရန် အဓိက သော့ချက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖခမည်းတော်ကို ကောင်းမွန်စွာသိဖို့ရန်သင်ယူရပါမည်။ ထိုဘုရားသခင်ကို ကျွန်ုပ်တို့သိကျွမ်းလာသောအခါ ကျွန်ုပ်တို့ ဘဝအသက်တာကို လုံးလုံးယုံကြည်စိတ်ချလာ၍ ကျွန်ုပ်တို့သည် လုံခြုံစိတ်ချစွာဖြင့် သူ့အထံတော်သို့ ကျွန်ုပ်တို့၏လက်ကို ကမ်းလှမ်းပေးနိုင်ကြမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ပိုမို ရင်းနှီးလာသည်နှင့်အမျှ မိမိ၏ဘဝတစ်ခုလုံးကို ကိုယ်တော့်ထံ စိတ်အေးလက်အေး ပုံအပ်ထားလိုက်ပြီး၊ ကျွန်ုပ်တို့၏လက်ကို ကိုယ်တော့်လက်တော်ထဲသို့ ဘေးကင်းစွာ အပ်ထားရန်ဖြစ်သည်။ စိတ်ထဲတွင် စိတ်ရှုပ်စရာ တွေးပူနေရသောမေးခွန်းများနှင့် စိတ်ဓာတ်ကျစရာ ဝမ်းနည်းဖွယ် ဒုက္ခများကိုလည်း ဘုရားသခင်ထံ နှိမ့်ချစွာ ရင်ဖွင့်ပြောပြရန်ဖြစ်သည်။
လေမုန်တိုင်းပြင်းထန်နေသောဂါလိလဲအိုင်ပေါ်မှာ ယေရှုမိန့်တော်မူခြင်းအားဖြင့် ရေပေါ်တွင် လျှောက်လှမ်းနိုင်ခဲ့သော တမန်တော်ရှင်ပေတရု၏ပုံသက်သေကိုလည်း ကျွန်ုပ်တို့တွေ့ရှိနိုင်ပါသည်။ ပေတရုသည် သခင်ယေရှုကို ကြည့်ရှုပြီး ရေပေါ်တွင်လျှောက်သွားသည့်အချိန်၌ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ သို့သော် သူသည် ကြောက်စရာကောင်းသောရေလှိုင်းကိုကြည့်သောအခါ ကြောက်ရပြီး နစ်မွန်းလုနီးပါးဖြစ်ခဲ့သည် (မ-၁၄:၂၄-၃၁)။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ခြင်းမှလွတ်မြောက်ခြင်းရရှိရန် ရှာဖွေကြသည်နှင့် ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ကိုးစားခြင်းကိုပေးအပ်သောအခါ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို တိတ်ဆိတ်ညင်သာစွာဖြင့် စကားပြောတော်မူမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ခြင်းအမှုများထက် ဘုရားသခင်ကိုသာမျှော်ကြည့်ကြလျှင် ဘဝအသက်တာ၌ လေပြင်းမုန်တိုင်းများသည် ကျွန်ုပ်တို့အတွက် ငြိမ်သက်သွားမည်ဖြစ်သည်။ ထိုသို့ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ရှုပ်ထွေးသောအမှုအရာများအတွက် ဖြေရှင်းပေးတော်မူသောအခါ ကျွန်ုပ်တို့ယုံမှားတတ်သောသံသယအစား ယုံကြည်စိတ်ချမှုအဖြစ် အစားထိုးပေးတော်မူပြီး အထံတော်၌ ကျွန်ုပ်တို့လက်ကို နှစ်သိမ့်စွာဖြင့် လက်ကမ်းပေးနိုင်ကြမည်ဖြစ်၏။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကြီးမားစွာ ပျက်စီးစေတတ်သော ကြောက်ရွံ့ခြင်း၏ အကျိုးဆက်များကို အောင်မြင်နိုင်ကြမည်ဖြစ်ပါသည်။
အနာဂတ်ကိုကြောက်ရွံ့ခြင်း
လျှို့ဝှက်နက်ရှိုင်းလှသော အနာဂတ်၏အကြောင်းကို မသိရှိရမှုကြောင့် အချို့သောလူတို့သည် မပျော်ရွှင်နိုင်ကြပေ။ မနက်အိပ်ရာမှထသောအခါ မခန့်မှန်းနိုင်သောနေ့ဖြစ်သည်ကို သတိရတတ်ကြသည်။ သူတို့၏စိတ်နှလုံးသည် စိုးရိမ်ပူပန်စရာကောင်းသော စိတ်ကူး မှောင်မိုက်ချိုင့်ထဲသို့ ပြေးဝင်သောကြောင့် “ဒီလိုဖြစ်ရင်” ဟူသော ဒုက္ခကိုရင်ဆိုင်ကြရသည်။ “အဘယ်အမှုအရာမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌာနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့” (ဖိလိ-၄:၆)။ အနာဂတ်အရာတို့သည် ဘုရားသခင်၏လက်တော်၌ရှိသည်ကို ယုံကြည်ကိုးစားခြင်းအားဖြင့် ယင်းမသိရှိနိုင်သောဝန်ထုတ်ဝန်ပိုးကို ဘုရားသခင်ထံ ကျွန်ုပ်တို့ လက်မြောက်အရှုံးပေးရပါမည်။ ကြိုးစားအားထုတ်၍ ဤအရာများကို သင်နားလည်သင့်ပေသည်။
မိမိတို့၏ဘဝအသက်တာ၌ မှားယွင်းသောဦးတည်ချက်များကြောင့် အနာဂတ်အတွက် စိုးရိမ်ပူပန် ကြောက်ရွံ့ခြင်းများစွာရှိနေခြင်းဖြစ်ပါသည်။ မည်သည့်အရပ်ဒေသသို့သွားကြသည်ကို သူတို့မသိ၊ သူတို့၏ စိတ်လေးရင်လေးစရာအတွေးများစွာရှိနေပေသည်။ ဘုရားသခင်သည် အနာဂတ်တွင် မည်သည့်အရာများဖြစ်မည်ကို သိတော်မူသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်လမ်းပြဦးဆောင်မှုကို လက်ခံကြလျှင်မူကား သူတို့၏ဘဝအသက်တာခရီးသည် ရည်ရွယ်ချက်မရှိသော ခရီးမဟုတ်တော့ဘဲ ဘုရားသခင်၏အိမ်တော်သို့ ဦးတည်သောရည်ရွယ်ချက်ဖြင့် ပြည့်ဝသည့်လမ်းခရီးဖြစ်လာမည် ဖြစ်သည်။
မသိရှိနိုင်သောအနာဂတ်အရာနှင့်ရင်ဆိုင်နေရသော်လည်း ဘုရားသခင်သည် သူ့ကို ယုံကြည်ကိုးစားသောသူတို့ကို သစ္စာရှိမည်ဟု ကတိတော်ပေးထားခဲ့ပြီးဖြစ်သည်။ သင်ယုံကြည်ပါသလား။ မည်ကဲ့သို့သော ပြင်းထန်သည့် လေပြင်းမုန်တိုင်း(သို့)မှောင်မိုက်(သို့) မြင့်မားသောတောင်ဖြစ်ပါစေ၊ ကိုယ်တော်သည် ထိုအရာများကြားမှ သင့်ကို ကူမတော်မူလိမ့်မည်။
ကျရှုံးခြင်းကိုကြောက်ရွံ့ခြင်း
ကျွန်ုပ်တို့သည် အောင်မြင်လိုချင်သောဆန္ဒရှိကြပါသည်။ သို့သော် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုသော်လည်းကောင်း၊ အိမ်ထောင်မိသားစုကိုလည်းကောင်း၊ မိမိ ဘဝအသက်တာကိုလည်းကောင်း ကျရှုံးသွားမည်ကိုကြောက်ရွံ့တတ်ကြပါသည်။ ကျွန်ုပ်တို့သည် မှားယွင်းသောအကြံအစည်ကို ပြုမိ၍ မှားယွင်းသောလမ်းသို့ လိုက်သွားမိမှာကို ကြောက်ရွံ့တတ်ကြပါသည်။
ဘုရားသခင်သည် ယောရှုအား “အားယူ၍ ရဲရင့်ခြင်း ရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်၊ သွားလေရာရာ၌ သင်၏ ဘုရားသခင် ထာဝရဘုရား ရှိသည်” ဟု မိန့်တော်မူခဲ့ပါသည်။ ကျွန်ုပ်တို့ ဘဝအသက်တာကို ဘုရားသခင်လမ်းပြတော်မူသည့်ဦးဆောင်မှုအောက်၌ ထားရှိကြသောအခါ ကျရှုံးခဲ့သောအရာများနောက်တွင် ကျရှုံးခြင်းရှိတော့မည်မဟုတ်ဘဲ အောင်မြင်မှုရည်မှန်းချက်ပန်းတိုင် တက်လှမ်းရာလမ်းသို့ ရောက်ရှိလာနိုင်ကြမည်ဖြစ်ပါသည်။
ဒုက္ခဆင်းရဲခြင်းကိုကြောက်ရွံ့ခြင်း
ကျွန်ုပ်တို့လူသားအားလုံးသည် ကိုယ်ကာယပိုင်းဆိုင်ရာနာကျင်ခြင်း၊ ဝေဖန်ပြစ်တင်မှုကြောင့် နာကျင်ခြင်း၊ အထီးကျန်မှုကြောင့် ဝေဒနာခံစားခြင်းနှင့် ပူဆွေးဖွယ်ရာဖြစ်ရပ်တို့ကို တွေးတောပြီး ကြောက်ရွံ့တွန့်ဆုတ်တတ်ကြပါသည်။ ဘုရားသခင်သည် ဒုက္ခဆင်းရဲခြင်းအလုံးစုံမှ ကျွန်ုပ်တို့ကို ကွယ်ကာပေးမည်မဟုတ်ပေ။ သို့သော် ဘုရားသခင်သည် ၎င်းဒုက္ခဆင်းရဲခြင်းများကို သည်းခံနိုင်ဖို့ရန် အတွက် သူ၏ကျေးဇူးတော်ကို ထောက်ပံ့ပေးတော်မူမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဒုက္ခဆင်းရဲခြင်း အလယ်၌ ငြိမ်သက်ခြင်းနှင့် ယုံကြည်စိတ်ချခြင်းတည်းဟူသော ကတိတော်ကိုပေးတော်မူခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကြောက်လန့်စရာမလိုအပ်ပေ (ဆာလံ-၄၆:၁-၂)။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်ချစ်လျှင် ဘုရားသခင်သည် ဒုက္ခဆင်းရဲခြင်းကို ကျွန်ုပ်တို့ကောင်းကျိုးအတွက် အသုံးပြုတော်မူမည်ဖြစ်ပါသည်။ ဒုက္ခဆင်းရဲခြင်းသည် ဘုရားသခင်၏အတူပါရှိခြင်း မျက်မှောက်တော်နှင့် တည်တော်မူသောတန်ခိုးတော်ကိုသိဖို့ရန်အတွက် အခွင့်ထူးကို ဖြစ်ပေါ်စေပါသည်။ ၎င်းသည် နက်ရှိုင်းသော အကျင့်စရိုက်နှင့် စိတ်နှလုံးကို နားလည်စေသော အသိတရားကိုလည်းရရှိစေပါသည်။ ဒုက္ခဆင်းရဲခြင်းသည် ကျွန်ုပ်တို့ကို တည်ဆောက်စေနိုင်ပါသည် သို့မဟုတ် ကျွန်ုပ်တို့ကို ပျက်စီးစေနိုင်ပါသည်။ သင့်အတွက် မည်သို့ ဖြစ်စေသင့်ပါသနည်း။
သေခြင်းတရားကိုကြောက်ရွံ့ခြင်း
လူသားအားလုံး သေခြင်းတရားကိုကြောက်ရွံ့ကြ၏။ “ဂွတ်ဒ်ဘိုင်” ဟု နှုတ်ဆက်စကား ပြောဆိုခြင်းသည် စိတ်ထိခိုက်စရာအကောင်းဆုံးသောအရာပင်ဖြစ်၏။
“လူသည် အသက်ပြန်ရှင်သန်နိုင်လိမ့်မည်လော” ဟူသောမေးခွန်းဖြင့် ကျွန်ုပ်တို့ ဖြေရှင်းဖို့ လိုအပ်ပါသည် (ယောဘ-၁၄:၁၄)။ သေခြင်းတရားကို ကြောက်ရွံ့ခြင်းမှ ကျွန်ုပ်တို့ကို ကယ်လွှတ်ဖို့ ယေရှုခရစ်တော်ကြွလာတော်မူခဲ့ပါသည် (ဟေဗြဲ-၂:၁၄-၁၅)။ ထိုအကြောင်းကြောင့် သူသည် အသေခံပြီး ပြန်၍ သေခြင်းမှ ထမြောက်တော်မူခဲ့ပြီးနောက် “ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်” ဟု မိန့်တော်မူခဲ့ပါသည် (ယော-၁၄:၁၉)။ ကိုယ်တော်နှင့် အတူရှိလျှင် သေခြင်းတရားသည် အချည်းနှီးသက်သက်သို့ ပို့ဆောင်ပေးသောတံခါးဝမဟုတ်တော့ပေ။ သို့သော် အသစ်သောအသက်တာသို့ ဦးတည်သော ထွန်းလင်းတောက်ပသည့်တံခါးဝဖြစ်လာ၏။ “ယေရှုက သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ --- ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ --- သင်တို့ နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏” (ယော-၁၄:၁-၂) ဟု မိန့်တော်မူပါသည်။ ၎င်းပြင်ဆင်ထားသောနေရာသည် ပြင်ဆင်မှု ရှိသော လူသားအားလုံးအတွက်ဖြစ်၏။
သင်ပြင်ဆင်ထားပြီးပြီလား။ သင့်ရဲ့ အပြစ်ကျူးလွန်ခဲ့သော ဘဝအတွက် နောင်တရပြီးပြီလား။ နောင်တတရားသည် သင်၏ အတိတ်တွင် ပြစ်မှားခဲ့သောအရာများအတွက် နောင်တရရှိခြင်းဖြစ်၍ သင့်ဘဝ အသက်တာဟောင်းမှ လှည့်ပြန်စွန့်ခွာစေပါသည်။ သခင်ဘုရားထံ ဆုတောင်းခြင်းဖြင့် ချဉ်းကပ်ပြီး သင့်ရဲ့ ဝန်ထုတ်ဝန်ပိုးများ၊ စိုးရိမ်မှုများနှင့် ကြောက်ရွံ့မှုများကို ကိုယ်တော်ထံ ပုံအပ်ခဲ့သည်မှာ နောက်ဆုံး မည်သည့်အချိန်ကလဲ။ ယေရှုက “ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် ချမ်းသာပေးမည် (မဿဲ ၁၁:၂၈)” ဟု သင့်ကို မိန့်တော်မူနေပါသည်။ ဘယ်လောက်တိုင်အောင် ဝမ်းမြောက်ဖွယ် ဖိတ်ခေါ်ချက်နှင့် ကတိတော်ပါလဲ။