စိတ်နှလုံးငြိမ်သက်ခြင်း- ကျွန်ုပ်တို့၏တိုင်းပြည်အတွက်၊ ကျွန်ုပ်တို့၏အိမ်ထောင်မိသားစုတို့အတွက်၊ အထူးသဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးအတွက် ငြိမ်သက်ခြင်းအသက်တာသည် အဘယ်မှာနည်း၊ ပြင်းထန်သော ဤငိုကြွေးသံသည် ခေတ်အဆက်ဆက်၌ ပဲ့တင်ရိုက်ခတ်ခဲ့လေပြီ၊ ဤကမ္ဘာပေါ်တွင် လေပြင်းမုန်တိုင်းနှင့် ထိတ်လန့်ဖွယ်ရာများ ပို၍ဖြစ်ပေါ် လာသည်နှင့်အမျှ ယင်းငိုကြွေးသံသည်လည်း ပို၍ပြင်းထန်လာပါသည်၊ ထိုအရာသည် သင့်နှလုံးသား၏ ငိုကြွေးသံများ ဖြစ်နေပါသလား၊ မကျေနပ်စရာအကြောင်းများ၊ အနှောင့်အယှက်နှင့် ဆူပူလှုပ်ရှားမှုများဖြင့် လွှမ်းမိုးနေသည့် အလယ်၌ သင်သည် အရာအားလုံးကို ကျော်လွှားနိုင်သော စိတ်နှလုံးငြိမ်သက်ခြင်းကို လိုလားတောင့်တပါသလား။
အဆုံးမရှိသော အောင်မြင်ခြင်းသည် ကမ္ဘာကို ပို၍လုံခြုံစေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ဘဝအသက်တာကို ပို၍ရှုပ်ထွေးစေပါသည်။ လူအချို့သည် သူတို့မိဘများ၏ဘဝထက်သာ၍ အေးဆေးလွယ်ကူသောဘဝ၌ နေထိုင်ဖို့ရာ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြသော်လည်း ထူးခြားမှုမရှိဘဲ သာ၍ပင် ခက်ခဲသောသူများဖြစ်ကြရသည်၊ စိတ်ပင်ပန်း၍ သောကရောက်နေကြသည်၊ အထက်ပါမေးခွန်းကို ဆင်ခြင်ကြည့်သော် လူတို့အတွက် လမ်းညွှန်ခြင်း၊ တိုင်ပင်ခြင်း၊ လုံခြုံခြင်းနှင့် ယုံကြည်စိတ်ချခြင်းတို့ လိုအပ်နေသည်ကို တွေ့ရပါသည်။
ကျွန်ုပ်တို့သည် စိတ်နှလုံးငြိမ်သက်ခြင်းကို လိုအပ်နေကြသည်။ စိတ်၏ငြိမ်သက်ခြင်းကို လိုချင်နေကြသည်။ စိတ်ငြိမ်သက်ခြင်းသည် အဖိုးထိုက်တန်သော ဘဏ္ဍာပင်မဟုတ်ပါလော။ လွန်စွာရှုပ်ထွေးလှသော ဤကမ္ဘာလောက၊ မျှော်လင့်ချက်ကင်းမဲ့သော ဤကမ္ဘာလောက၊ အနှောင့်အယှက်တွေပေးသော ဤကမ္ဘာလောကနှင့် များစွာသော ဒုက္ခပြဿနာဖြင့် ပြည့်ဝနေသော ဤကမ္ဘာလောကကြီး၌ စိတ်ငြိမ်သက်ခြင်းကို အမှန်တကယ် တွေ့ရှိနိုင်ပါမည်လား။ များစွာသောသူတို့သည် ထင်ပေါ်ကျော်ကြားခြင်းအခွင့်အလမ်းများကို၎င်း၊ ပျော်ရွှင်သာယာခြင်းနှင့် ဩဇာအာဏာတို့ကို၎င်း၊ ပညာရေးနှင့် ဗဟုသုတတို့ကို၎င်း၊ ပေါင်းသင်းဆက်ဆံခြင်းနှင့် ထိမ်းမြားခြင်းတို့ကို၎င်း၊ ကျယ်ကျယ်ပြန့်ပြန့် အသည်းအသန် ရှာဖွေနေကြပါသည်။ အသိပညာဗဟုသုတများဖြင့် ပြည့်ဝချင်နေကြသည်။ သို့သော် သူတို့၏ ဝိညာဉ်ရေးရာတွင် ဗလာအဖြစ် ကျန်ရစ်စေသည်။ အချို့သောသူတို့သည် သေရည်သေရက်သောက်စားခြင်းအားဖြင့် စစ်မှန်သော ဘဝအသက်တာကို တိမ်းရှောင်နေကြ၏။ သို့သော် သူတို့ရှာဖွေသော ငြိမ်သက်ခြင်းသည် လိုက်လေ ဝေးလေဖြစ်သည်၊ သူတို့ရှာဖွေသော အရာအားလုံးသည် သူတို့ကို အကျိုးမဖြစ်ထွန်းစေဘဲ အချည်းနှီးသက်သက်သာ ဖြစ်သောအကျင့်အားဖြင့် ဆိုးညစ်သည့် ဘဝဇာတ်ခုံသို့သာ ပို့ဆောင်ပေးပါသည်။ သူတို့သည် ဒုက္ခနှင့် ပြည့်နှက်နေသော ကမ္ဘာလောကထဲတွင် သောကစိတ်တွေနှင့်တကွ အကျိုးမရှိဘဲ အထီးကျန်နေကြသေး၏။ များစွာသောလူတို့သည် လက်ဆုပ်လက်ကိုင် မပြနိုင်သော အပြင်သဏ္ဌာန်အရာများကို ရှာဖွေနေကြ၍ အတွင်းသဏ္ဌာန်ကိုမူ အလေးမထား လျစ်လျူရှုကြ၏။ သူတို့ရှာဖွေသင့်သော အရာကို ရှာဖွေရန် ကြောက်ရွံ့နေကြ၏။ မိမိတို့၏ ပူပန်သောစိတ်ကြောင့် ဒုက္ခဆူးများနှင့် ပြည့်နှက်နေသော ကမ္ဘာလောကကို အပြစ်တင်ချင်နေကြ၏၊ သို့သော် ကုသခြင်းသည် မိမိတို့၏ စိတ်နှလုံးထဲ၌ အစပြုရမည်ဖြစ်သည်။
အနှောင့်အယှက်ကြားကလူသား
ထာဝရဘုရားသခင်သည် လူသားကို ဖန်ဆင်းပြီး ပြည့်ဝစုံလင်သော ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ခံစားစေဖို့ရန် အလွန်လှပသော ဥယျာဉ်ထဲတွင် ထားတော်မူခဲ့သည်။ သို့သော် ထိုလူသား အာဒံနှင့် ဧဝတို့သည် ဘုရားသခင်၏ စကားတော်ကို နားမထောင်၊ မနာခံသည့် တဒင်္ဂအတွင်း၌ သူတို့သည် ဒုစရိုက်အပြစ်တည်းဟူသော ရောဂါဝေဒနာ (သို့) အနာစွဲကပ်ခြင်းကို ခံခဲ့ကြရသည်။ ယခင်က ဘုရားသခင်၏ မျက်မှောက်တော်ကို သူတို့တောင့်တခဲ့ကြသော်လည်း ယခုတွင် သူတို့သည် အရှက်တရားနှင့် တကွ မိမိကိုယ်ကို ဖုံးကွယ်နေကြရသည်။ သူတို့ခံစားသိရှိခဲ့ရသော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင် ဝမ်းမြောက်ခြင်းနေရာ၌ အပြစ်တရားနှင့် ကြောက်ရွံ့ခြင်းတရားများတို့သည် အစားထိုး ဝင်ရောက်လာခဲ့ပါသည်။ ယင်းဒုက္ခဆူးများဖြင့် ပြည့်နှက်နေသော ကမ္ဘာလောကနှင့် သောကရောက်နေသော စိတ်နှလုံး၏ အစပြုခြင်းပင်ဖြစ်ခဲ့ပါသည်။
အာဒံနှင့်ဧဝကဲ့သို့ပင် သင်သည် ဘုရားသခင်အထံတော်သို့ ပြန်လာခြင်းမပြုဘဲ ထွက်ပြေးသောသူဖြစ်ခြင်းကြောင့် ကြောက်ရွံ့ခြင်းနှင့် သောကဗျာပါရတရားသည် သင့်ဘဝအသက်တာ၌ ဖိစီးလာပါသည်၊ ဤသို့ဖြင့် သင်သည် ယိုယွင်းပျက်စီးနေသော ဤကမ္ဘာလောကအပေါ်၌ မသေချာမရေရာသော သင့်ဘဝအသက်တာကို အာရုံစိုက်ကြည့်သောအခါ သင်၏လုံခြုံမှုနှင့် ယုံကြည်စိတ်ချမှုတို့သည် မတည်မငြိမ်ဖြစ်ကာ လှုပ်ရှားလျက်နေသည်ကို တွေ့ရပေမည်။ သင်၏ငြိမ်သက်ခြင်းသည် အနှောင့်အယှက်များဖြင့် နစ်မွန်းခြင်းခံနေရပါသည်။ အပြစ်သည် လူသားကို ဘုရားသခင်နှင့် ကင်းဝေးစေခဲ့ပါသည်၊ “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီး လိုက်သွားကြ၏ (ဟေရှာ ၅၃း၆)၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” (ရောမ ၃း၂၃)။
ဒုစရိုက်နှင့် ကြောက်ရွံ့ခြင်း၊ ဒေါသနှင့် မကျေမနပ်ဖြစ်ခြင်း တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ရန်လိုဆန့်ကျင်ခြင်း စသည်တို့သည် လူသားတို့သွားလာသည့် နေရာတိုင်းတွင် ကပ်ဆိုးကဲ့သို့ ကျရောက်နေပါသည် (သို့) ဒုက္ခပေးနေပါသည်။ ၎င်းတို့သည် စိတ်ပင်ပန်းစရာများနှင့် စိတ်ပိုင်းဆိုင်ရာ ခြေကုန်လက်ပန်းကျခြင်း (သို့) အားအင်ကုန်ခန်းခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ မိမိကိုယ်သာချစ်ခြင်းသည် လူသား၏ ပထမဆုံးသော မနာခံခြင်း၏မူလပင်ဖြစ်ပါသည်။ ၎င်းသည် သင့်ကို မျှော်လင့်ချက်ကင်းမဲ့သောလမ်းနှင့် စိတ်ဒုက္ခရောက်စေသောလမ်းသို့ တွန်းပို့ ယိမ်းယိုင်စေသည့် မကောင်းသောအစမူလများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ သင်သည် လိုချင်သမျှနှင့် ကြီးပွားချင်သမျှတို့၌ အတ္တဆန်လာသောအခါ သင်သည် စိတ်မချသောသူ (သို့) အယုံအကြည်မရှိသောသူ နှင့် ရတက်မအေးသောသူ ဖြစ်လာမည်။ သင်၏အတ္တဆန်သောလမ်းကို သွားလေလေ သင့်၌ ဒုက္ခများလေလေ ဖြစ်လာမည်။
ဘုရားသခင်ကိုဗဟိုပြု၍အသက်ရှင်ခြင်းသည် ငြိမ်သက်ခြင်းကိုယူဆောင်၏။
မိမိ၏ရပ်တည်မှုဘဝကိုသာ ဗဟိုပြုနေရမည့်အစား သင်သည် ဘုရားသခင်၏ အထံတော်သို့လာ၍ ဘုရားသခင်ကိုသာ သင့်ဘဝအသက်တာ ရည်မှန်းချက်၏ အဓိက ဗဟိုအဖြစ် ထားရှိရန် လိုအပ်ပါသည်။ ဘုရားသခင်မပါလျှင် သင့်ဦးတည်ချက်တို့သည် သင့်ကို ဝမ်းနည်းခြင်း မိမိကိုယ်ကို ကရုဏာသက်နေခြင်း စိုးရိမ်ခြင်းနှင့် ပူပင်သောကတို့၏ သားကောင်အဖြစ်သို့ သင့်ကို အလွယ်တကူ ကျရောက်စေမည်ဖြစ်ပါသည်။ ဘုရားသခင်ကို ဗဟိုပြုခြင်းဟူမူကား သင့်ဘဝအသက်တာသည် အချက်အချာဗဟိုရှိရာသို့ ဆိုက်ရောက်စေ၍ သင့်ဘဝအသက်တာကို ပြည့်စုံခြင်းနှင့် အဖိုးထိုက်တန်သော အသက်ရှင်ခြင်းသို့ ရောက်ရှိစေတော်မူမည်ဖြစ်ပါသည်။ ဘုရားသခင်ကို ဗဟိုပြုသော စိတ်နှလုံးသည်သာ ခိုင်မြဲတည်ကြည်ခြင်းနှင့် ငြိမ်သက်ခြင်းကို ထိန်းသိမ်းပြုစုနိုင်မည်ဖြစ်ပါသည်။
ဆာလံဆရာက “အို ဘုရားသခင်၊ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။ သီချင်းဆိုပါမည်။ ချီးမွမ်းထောပနာ ပြုပါမည်” (ဆာ - ၅၇း၇)ဟု အတိအလင်း ကြေညာခဲ့ပါသည်။ ဘုရားသခင်၌ အစွမ်းရှိသမျှဖြင့် ကိုးစားခြင်းသည် စိတ်နှလုံးထဲ၌ ငြိမ်သက်ဝမ်းမြောက်ခြင်းရရှိစေမည်ဖြစ်ပါသည်။ ဘုရားသခင်၌ စိတ်နှလုံးတည်ကြည်ခြင်းရှိလာသောအခါ ကျွန်ုပ်တို့သည် ဒုက္ခဆူးများနှင့်ပြည့်နှက်နေသော လောကအလယ်၌ စိတ်နှလုံးငြိမ်သက်ခြင်းရှိလာမည်ဖြစ်ပါသည်။ “ငါတို့သည် အမျိုးမျိုးသောနှောင့်ယှက်ခြင်းကိုခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်၊ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်” (၂ကော-၄း၈)။
ငြိမ်သက်ခြင်း၏အရှင်ယေရှုခရစ်တော်
ယေရှုသည် လူသားအားလုံးကို အသက်တာပြောင်းလဲ၍ ဘဝအဓိပ္ပါယ်ပြည့်စုံခြင်းသို့ရောက်လာကြရန် ဖိတ်ခေါ်နေပါသည်။ “ထိုအခါယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်” (မ-၁၆း၂၄)။ “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ” (၂ကော-၅း၁၇)။ “ငါ့ထံသို့လာကြလော့” ဟူသောခေါ်ဖိတ်တော်မူခြင်းကို သင်လက်ခံလိမ့်မည်လော။ ကိုယ်တော်သည် မှောင်မိုက်ခြင်းမှ အလင်းသို့လည်းကောင်း၊ သံသယဖြစ်ခြင်းမှ ယုံကြည်စိတ်ချခြင်းသို့လည်းကောင်း၊ ခိုက်ရန်ပြုခြင်းမှ ငြိမ်သက်ချမ်းသာခြင်းသို့လည်းကောင်း၊ ဝမ်းနည်းခြင်းမှ ဝမ်းမြောက်ခြင်းသို့လည်းကောင်း၊ စိုးရိမ်ပူပန်ခြင်းမှ ချမ်းသာခြင်းသို့လည်းကောင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်းမှ မျှော်လင့်ချက်ပြည့်စုံခြင်းနှင့် သေခြင်းမှအသက်ရှင်ခြင်းကိုလည်းကောင်း ပေးမည်ဖြစ်သည်။
ဖန်ဆင်းရှင်ဘုရားသခင်သည် လူသားတို့ကို သူနှင့်မိဿဟာယဖွဲ့ဖို့ တောင့်တနေမည့် အသက်ရှင်သောဝိညာဉ်နှင့်တကွ ဖန်ဆင်းတော်မူခဲ့ပါသည်။ “သမင်ဒရယ်သည် ရေစီးသောချောင်းကိုတောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါသည်ဘုရား။ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ငတ်လှ၏” (ဆာ-၄၂း၁၊၂)။ အသက်ရှင်တော်မူသော ဘုရားသခင်ကသာလျှင် စိတ်ဝိညာဉ်ကို အားရကျေနပ်စေနိုင်ပါသည်။ ဤအရာအားဖြင့် သင်သိရှိရမည်မှာ သင်သည် ဘုရားသခင်၌ ငြိမ်သက်ခြင်းမရရှိသည့်ကာလပတ်လုံး မည်သည့်အခါမျှ ငြိမ်သက်ခြင်းကိုခံစားရရှိလိမ့်မည် မဟုတ်ပေ။
ကျွနုပ်တို့စိတ်နှလုံးထဲကစစ်မြေပြင်
ကျွန်ုပ်တို့၏ဝိညာဉ်သည် ဘုရားသခင်ကို တောင့်တနေသော်လည်း ကျွန်ုပ်တို့၏ ဒုစရိုက်အပြစ်သဘောသည် ဘုရားသခင်၏လမ်းတော်ကို ဆန့်ကျင်မှုပြုနေပါသည်။ ကျွန်ုပ်တို့၏ စိတ်တစ်ပိုင်းမှာ ဘုရားသခင်ကို တောင့်တအောက်မေ့နေသော်လည်း ကျန်တစ်ပိုင်းမှာ ဇာတိတပ်မက်မှုကို ကမ်းလှမ်းနေပါသည်။ ကျွန်ုပ်တို့၏စိတ်နှလုံးသားသည် အမြဲရှုပ်ထွေးနေသော စစ်မြေပြင်တစ်ခုပင်ဖြစ်နေပါသည်။ ယင်းအထဲမှ ရုန်းကန်စစ်ပြိုင်ခြင်းသည် တင်းမာမှုနှင့် များစွာသောပင်ပန်းမှုဒဏ်တို့ကို ဖြစ်ပေါ်စေပါသည်။ “ဘုရားသခင်မပါရှိလျှင် ကျွန်ုပ်တို့သည် မငြိမ်နိုင်ဘဲလှုပ်ရှား၍၊ ရွံ့နှင့်အမှိုက်ကိုပက်သော ပင်လယ်ရေနှင့်တူကြ၏” (ဟေရှာ-၅၇း၂ဝ)။
ကျွန်ုပ်တို့ကိုဖန်ဆင်းတော်မူ၍ ကျွန်ုပ်တို့ကိုနားလည်ပေးတော်မူသော ဘုရားသခင်နှင့် ဆက်သွယ်ညှိနှိုင်းမှုမပြုလျှင်မူကား ကျွန်ုပ်တို့၏ ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်အားလုံးတို့၌ ငြိမ်သက်ခြင်း မတည်ရှိနိုင်ပေ။ ဘုရားသခင်သည် ကမ္ဘာလောကနှင့် စကြဝဠာ၏အရှင်သခင်သာမက သင်နှင့် ကျွန်ုပ်၏ဘဝအသက်တာကို အစမှအဆုံးထိတိုင်အောင် သိတော်မူသော အရှင်သခင်လည်းဖြစ်တော်မူပါသည်။ သူသည် ကျွန်ုပ်တို့ကို အောက်မေ့တော်မူသောကြောင့် “မှောင်မိုက်နှင့် သေမင်း၏အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက်ခြင်းလမ်းကိုပြ (လု-၁း၇၉)ဖို့ရန် ဤကမ္ဘာသို့ ကြွလာတော်မူခဲ့ခြင်းဖြစ်ပါသည်။
သူသည် ငြိမ်သက်ခြင်း၏အရှင်ဖြစ်တော်မူသည့်အတိုင်း သူ၏ထံတော်သို့ရောက်လာဖို့ရန် သင့်ကိုခေါ်ဖိတ်နေပါသည်။ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်” (မ-၁၁း၂၈)။
သင်သည် ကိုယ်တော်ထံသို့ရောက်လာသောအခါ သူပေးတော်မူမည့် လွတ်မြောက်ခြင်းတည်းဟူသော စိတ်နှလုံးငြိမ်သက်ခြင်းနှင့် ချမ်းသာခြင်းတို့ကို တွေ့ရှိလိမ့်မည်ဖြစ်သည်။ သင်၏ငြိမ်သက်ခြင်းသည် မြစ်ကဲ့သို့လည်းကောင်း (ဟေရှာ-၄၈း၁၈)၊ နိုးကြားထကြွ၍လည်းကောင်း၊ အားသစ်လောင်း၍ ခွန်အားကြီးပြီး ဝင်းလက်တောက်ပ၍လည်းကောင်း၊ ခပ်သိမ်းသော သိခြင်းတရားများကိုကျော်ဖြတ်သော ငြိမ်သက်ခြင်းမျိုးပင်ဖြစ်ပါလိမ့်မည် (ဖိ-၄း၇)။ သင့်ဝန်ထုပ်ဝန်ပိုးကို ယေရှုအပေါ်သို့တင်၍ အထံတော်သို့သင်ရောက်လာမည်လော။ “ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ သင်တို့စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်” (ယော-၁၄း၂၇)ဟု ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။ ယုံကြည်ခြင်းနှင့် ကိုးစားခြင်းသည် သောကနှင့် စိုးရိမ်ခြင်းအတွက် ဖြေဆေးများပင်ဖြစ်ကြပါသည်။
ထာဝရအသက်ရှင်တော်မူသော ထာဝရဘုရားသခင်၊ မည်သည့်အခါမျှ မပြောင်းလဲနိုင်သောမိတ်ဆွေ၊ မည်သည့်အခါမျှ ချစ်ခြင်းမေတ္တာမကုန်ဆုံးနိုင်သော ထာဝရဘုရားသခင်၌ကိုးစားခြင်းသည် လွန်စွာငြိမ်းချမ်းလှပါသည်။ ထိုမိတ်ဆွေသည် ကျွန်ုပ်တို့ကို အစဉ်အမြဲ အောက်မေ့တော်မူ၍ အစဉ်အမြဲ ဂရုစိုက်ပေးတော်မူပါသည်။ ထို့ကြောင့် မည်သည့်အတွက်ဝမ်းနည်း၍ စိုးရိမ်ပူပန်ရမည်နည်း။ ရှင်ပေတရုဩဝါဒစာပဌမစောင် ၅း၇ ကိုဖတ်ပြီး လေ့လာသင်ယူပါ။ “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့”။ စစ်ပွဲပြီးဆုံးသည့်အခါ ငြိမ်းချမ်းခြင်း (သို့) ငြိမ်သက်ခြင်းရှိတတ်လျှင် သင်သည် သခင်ဘုရားကို မည်သည့်အကြောင်းကြောင့် လက်မြှောက်အရှုံးမပေးရမည်နည်း။ သင်သည် ထာဝရဘုရားသခင်၌ ကိုးစားလျှင် ဝမ်းနည်းခြင်းမရှိသည်ကို အောက်မေ့ပါ။ သင်သည် ဝမ်းနည်းခြင်းရှိနေလျှင် မကိုးစားသေးသည်ကို သတိရပါ။ “စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက်ရှိမည်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်” (ဟေရှာ-၂၆း၃)။
မကျေမနပ်ဖြစ်ခြင်းသည် အဆိပ်အတောက်ဖြစ်၍ သင်၏စိတ်နှလုံးငြိမ်သက်ခြင်းကိုလည်း လုယူလိမ့်မည်။ ဤသို့ဖြင့် စိတ်ပျက်ခြင်းသို့ရောက်ပြီး ရှုပ်ထွေးလျက် မျှော်လင့်ခြင်းကင်းမဲ့တတ်ပါသည်။ ထိုသို့ဖြင့် သင့်အပေါ်သို့ မတရားပြုသောသူတို့ကို ခွင့်လွှတ်ဖို့ခက်ခဲလာမည်။ “သင်တို့သည် သူတစ်ပါး၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မမူ” (မ-၆း၁၅)။ ယုံကြည်ခြင်းသည် သင့်စိတ်နှလုံး၌ မွေးဖွားလာသောအခါ သင်သည် သင့်အလိုဆန္ဒများကိုငြင်းပယ်နိုင်မည်။ မကျေမနပ်ဖြစ်ခြင်းနှင့် ဒေါသဖြစ်ခြင်းအစား သင့်စိတ်နှလုံးသည် ချစ်ခြင်းနှင့်သနားခြင်းဖြင့်ပြည့်ဝ၍ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းကိုခံစားရမည်။ ယေရှုသည် သင်၏စိတ်နှလုံးကို အုပ်စိုးတော်မူသောအခါ သင်သည် ရန်သူကိုပင်ချစ်နိုင်လိမ့်မည်။ ခရစ်တော်၏ရွေးနုတ်ကယ်တင်ခြင်းအသွေးတော်ကသာ ယင်းကို ဖြစ်ပွားစေနိုင်ပါသည်။
နောင်တရခြင်းနှင့် အပြစ်ကိုဝန်ချတောင်းပန်ခြင်းသည် စိတ်နှလုံးငြိမ်သက်ခြင်းသို့လမ်းပြပါသည်
သင်ကျူးလွန်ခဲ့သောအပြစ်ဒုစရိုက်သည် သင့်ကိုဖိစီး၍ လေးသောဝန်ထုပ်ကဲ့သို့ မသယ်ဆောင်နိုင်လောက်အောင် ဖိစီးခြင်း ခံစားရမည်ဖြစ်သည်။ “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏” (၁ယော-၁း၉)။ “ထိုသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏” (ရော-၅း၁)။
နှစ်ဆယ့်သုံးခုမြောက်သော ဆာလံကျမ်းတွင် ဒါဝိဒ်သည် ဘုရားသခင်၌ သူ၏ကိုးစားခြင်းအကြောင်းကို ဖော်ပြထားပါသည်။ သူသည် မိမိ၏အတွေ့အကြုံဖြစ်သော လက်တွေ့အသုံးချစရာ ကောင်းသည့် ငြိမ်သက်ခြင်းသတင်းကို ပေးထားခြင်းဖြစ်ပါသည်။ ၎င်းသည် သိုးထိန်းကြီးနှင့်အတူ ဘဝအသက်တာ ရှင်သန်နိုင်ရေးအတွက် ငြိမ်သက်ခြင်းနှင့် မိဿဟာယဖွဲ့ခြင်းပင်ဖြစ်ပါသည်။
နှစ်ဆယ့်သုံးခုမြောက်သောဆာလံကျမ်း
“ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။ စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။ ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်ဘို့အလိုငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။ အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။ အကျွန်ုပ်ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဖို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးတော်နှင့်ကရုဏာကို တစ်သက်လုံးခံစား၍၊ ထာဝရဘုရား၏အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်”။
ထိုသိုးထိန်းကို သင်သိပါသလား။ သူ့ကို ယုံကြည်ကိုးစားပါသလား။ ထိုသိုးထိန်းကို ကရုဏာနှင့်ပြည့်ဝသောသိုးထိန်းဖြစ်သည်ဟု ဟေရှာယသည် ကျွန်ုပ်တို့ကိုပြောပြထားပါသည်။ “သိုးသူငယ်တို့ကိုချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာပို့ဆောင်တော်မူမည်” (ဟေရှာ-၄ဝး၁၁)။ သင်သည် အရှုပ်အထွေးမှချီ၍ ထာဝရဘုရားသခင်၏ ထာဝရလက်တော်ဖြင့် ပိုက်ပွေ့ခြင်းခံရဖို့ရန်အတွက် အဆင်သင့်ရှိပါသလား။ အတိတ်က သင်၏အပြစ်ဒုစရိုက်များ၊ ယခုမျက်မှောက်၌ရှိသော သင်၏စုံစမ်းနှောင့်ယှက်ခြင်းများနှင့် သင့်အနာဂတ်၌ရှိသော စိုးရိမ်ခြင်းတို့ကို ဘုရားသခင်အထံတော်သို့ ဆက်ကပ်အပ်နှံပြီး ဘုရားသခင်ကို သင်ကိုယ်တိုင် အပြည့်အဝလက်မြှောက်အရှုံးပေးဖို့ အဆင်သင့်ဖြစ်ပါသလား။ ဘုရားသခင်သည် သင့်ကိုရွေးချယ်ပိုင်ခွင့်ပေးနေပါသည်။ ၎င်းသည် သင်လုပ်ဆောင်ရမည့် တာဝန်ပင်ဖြစ်နေပါသည်။
ငြိမ်သက်ခြင်း၌ရပ်တည်ခြင်း
စိတ်နှလုံးအကြွင်းမဲ့ဖြင့် ယေရှုခရစ်တော်ထံသို့ သင်ရောက်လာသောအခါ စိတ်နှလုံးငြိမ်သက်ခြင်းအတွက် သင်၏ရှာဖွေခြင်းအမှုသည် ပြီးပြည့်စုံလာမည်ဖြစ်ပါသည်။ ကိုယ်တော်သည် သင့်အား ငြိမ်သက်ခြင်းနှင့် သူ့ကိုခိုလှုံကိုးစားခြင်းအားဖြင့်သာ ရောက်ရှိလာနိုင်သော စိတ်ငြိမ်ဝပ်ခြင်းကိုပေးတော်မူလိမ့်မည်။ အောက်တွင်ဖော်ပြသောကဗျာကိုလည်း သင်ရွတ်ဆိုနိုင်မည်ဖြစ်ပါသည်။
ငြိမ်သက်ခြင်းမရှိသောနေရာ၌ အကျွန်ုပ် ငြိမ်သက်ခြင်းကိုတွေ့ရှိ၊ ပြင်းထန်သော လေပြင်းမုန်တိုင်းတိုက်ခိုက်နေသည့်နေရာ၌ စိတ်ငြိမ်သက်ခြင်းကိုတွေ့ရှိရ၊ သခင်ဘုရားနှင့် ရှင်းလင်းစွာမြင်တွေ့မည့် ဆိတ်ကွယ်သောနေရာသို့ ကျွန်ုပ်သွားမည်။
- Ralph Spalding Cushman
ဒုက္ခဆူးများနှင့်ပြည့်နှက်နေသော ကမ္ဘာလောကထဲ၌ပင် သင်သည် စိတ်နှလုံးငြိမ်သက်ခြင်းကိုရရှိနိုင်ပါသည်။ ယခုပင် ခရစ်တော်ထံသို့ သင့်စိတ်နှလုံးတံခါးကို ဖွင့်ပေးလိုက်ပါ။ သို့ဖြစ်လျှင် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူသည် သင့်အတွက် မည်သည့်အခါမျှ အဆုံးမရှိသော ပြီးပြည့်စုံသည့်ငြိမ်သက်ခြင်းဖြင့် အုပ်စိုးမည့်နေရာဖြစ်သော ကောင်းကင်နိုင်ငံတော်၏တံခါးကို ဖွင့်ပေးတော်မူလိမ့်မည်။